
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင်လ ၂၂ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement-CDM)လှုပ်ရှားမှုတွင် မပါဝင်ဘဲ ခြံစည်းရိုးနှစ်ဖက်ခွထိုင်သော Non-CDMersများကို ထိရောက်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဟု ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ခိုက်ရာတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement-CDM)လှုပ်ရှားမှုသည် အရေးကြီးသော အခန်းဏ္ဍတွင် ပါဝင်ပြီး အကြမ်းဖက်စစ်ကောင်စီမှ ဦးစီးဖွင့်လှစ်သော တက္ကသိုလ်ကျောင်းများတွင် တက်ရောက်ခြင်း၊ ဘွဲ့လက်မှတ်ရယူခြင်း၊ CDMမပြုလုပ်ဘဲ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ပြီး စစ်ဘေးရှောင်ထောက်ပံ့ကြေးငွေ များရယူခြင်းများကို စီစစ်တွေ့ရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“CDMမပြုလုပ်ဘဲ စစ်ဘေးရှောင်စခန်းတွေမှာ လာရောက်နေထိုင်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တဲ့ ငွေကြေးအခွင့်အရေးတွေကိုလည်း ယူထားတယ်၊ စစ်ကောင်စီဘက်က ပေးအပ်တဲ့ လစာတွေကိုလည်း ထုတ်ယူပြန်တယ်ပေါ့နော်၊ CDMပြုလုပ်ဖို့လည်း အကြိမ်ကြိမ်သတိပေးထားပြီးပြီ၊ တစ်နည်းအားဖြင့် ခြံစည်းရိုးနှစ်ဖက်ခွထိုင်သူတဲ့ Non-CDMerတွေကို ကျွန်တော်တို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ ထိရောက်စွာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်၊ လိုအပ်လာရင် CDF-Mindatရဲ့ အကူညီရယူပြီး အင်အားသုံးအရေးယူမှုတွေလုပ်ဆောင်သွားမယ်”ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။
စစ်ကောင်စီမှ ဦးစီးဦးဆောင်ဖွင့်လှစ်သော တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများနှင့်သင်တန်းများမှ ရရှိသော ဘွဲ့၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်နှင့် အောင်လက်မှတ်များကို မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ (လုံးဝ)အသိအမှတ်မပြုကြောင်း၊ စစ်ကောင်စီမှ ထုတ်ပေးသော အဆိုပါအသိအမှတ်ပြုလက်မှတ်များကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့ထံသို့ မူရင်း၊ မိတ္တူများအပ်နှံကာ CDMပြုလုပ်ကြောင်းကို ကျမ်းကျိန်ဂတိဝန်ခံချက်ဖြင့် ပြုလုပ်ရမည်ဟု ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဝန်ထမ်းအဖြစ်ခန့်အပ်ခံထားရသူနှင့် CDMမပြုလုပ်သော ယခင်ဝန်ထမ်းများအနေဖြင့် (၂၀၂၂)ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့ နောက်ဆုံးထားကာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက မင်းတပ်မြို့နယ်၊ ကျေးရွာများမှ နယ်နှင်ဒဏ်ပေးခြင်း၊ နာမည်ပျက်စာရင်းတင်သွင်းခြင်းနှင့် လူမှုရေးပြစ်ဒဏ်ပေးခြင်းများကို ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။