နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ကျုံပျော်)၊ ဇူလိုင်လ ၂၂ ရက်

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့မှာ ဇူလိူင်လ ၂၁ ရက်နေ့က စစ်ကောင်စီက ပြုလုပ်တဲ့ PDF ၅ ဦးအလင်း၀င်ပွဲလာတယ်ဆိုတဲ့ သူတွေတွေမှာ NLD ပါတီရဲ့ ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး ပါ၀င်ပြီးခံ၀န်လက်မှတ်ရေးထိုးခဲ့တယ်လို့ မြို့နယ်စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

“သူက PDF တော့မဟုတ်ဘူး။ ကျုံပျော်မှာတခြားလူတွေနဲ့ ရောပြီးလုပ်ရတာဆိုတော့ အလင်း၀င်ခေါင်းစဥ်ထဲပဲ ထည့်လိုက်တာပါ။ သူကိုလဲ စစ်ဆေးပြီးသွားပါပြီ။ သူကနောက်ကို စစ်ကောင်စီကို ဆန့်ကျင်တာတွေမလုပ်တော့ဘူးဆိုပြီး ခံဝန်လက်မှတ်ထိုးတဲ့သဘောပါပဲ”လို့ ကျုံပျော်မြို့နယ် စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကျုံပျော်မြို့မှာ စစ်ကောင်စီထံအလင်း၀င်ရောက်လာသူ ၅ ဦးဟာလည်း PDF တပ်ဖွဲ့၀င်များမဟုတ်ကြပဲ စစ်ကောင်စီရဲ့ ဝရမ်းထုတ်ထားလို့ ရှောင်တိမ်းနေရသူ ၄ ဦး နဲ့ PDFကိုကူညီလို့ တိမ်းရှောင်နေရသူ တစ်ဦးသာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နီးစပ်တဲ့အသိုင်းအ၀န်းဆီက သိရပါတယ်။

စစ်ကောင်စီထံ ခံဝန်လက်မှတ်ရေးထိုးခဲ့တဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပုဒ်မ၅၀၅အထုတ်ခံရပြီး ငပုတောမြို့နယ်ကနေ တိမ်းရှောင်နေရတာကြာပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဦးသက်ပိုင်စိုးနေထိုင်တဲ့ ငပုတောမြို့နယ်၊ ကညင်ချောင်းကျေးရွာကိုလာရောက်ရှာဖွေပြီး ဦးသက်ပိုင်စိုးရဲ့ဇနီးနှင့် ၁၀ လ အရွယ် က​လေးငယ် အပါအ၀င် မိသားစု၀င် ၆ ဦးကို ဖမ်းဆီးသွားပြီးနောက် တစ်ပတ်အကြာမှာပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဦးသက်ပိုင်စိုးဟာ သူရဲ့ မိသားစုဝင်များ ပြန်လည်လွတ်မြောက်လာပြီး ၃ လ နီးပါးအကြာမှာ ခုလိုစစ်ကောင်စီထံခံ ဝန်လက်မှတ်ရေးထိုးခဲ့မှုအပေါ် တော်လှန်ရေးအင်အားစုများအကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။