
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်
အာဏာသိမ်း စစ်ကောင်စီက ပြည်တွင်းလုပ်ငန်းရှင်များအား ဒေါ်လာထုတ်ပေးခြင်းကို ပိုမိုတင်းကြပ်မှုများ ပြုလုပ်ကာ ပြည်ပသွင်းကုန် လုပ်ငန်းများအတွက် ပြင်ပဈေးကွက်မှ ဒေါ်လာများဖြင့် ငွေပေးချေခွင့်ပြုထားကြောင်း သတင်းရရှိသည်။
ယခင်က သွင်းကုန်များအတွက် ငွေပေးချေရန် အမေရိကန်ဒေါ်လာများကို ဗဟိုဘဏ်တွင် ဝယ်ယူခွင့် လျှောက်ထားရပြီး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရက်အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက် ဗဟိုဘဏ်မှ ထုတ်ပေးသော ဒေါ်လာငွေဖြင့်သာ ငွေပေးချေခွင့်ပြုခဲ့သည်။
စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က DICA တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများ၊ ပြည်တွင်းရှိ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်များအားလုံး၏ နိုင်ငံခြားဘဏ်ငွေစာရင်းရှိ ဒေါ်လာများကို ၁ ၁၈၅၀ ကျပ်နှုန်းဖြင့် သိမ်းယူခဲ့ပြီးနောက် သွင်းကုန်များအတွက် ငွေပေးချေရန် ပြင်ပဈေးကွက်မှ ဒေါ်လာများကို အသုံးပြုခွင့် စစ်ကောင်စီလက်အောက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းခွင့်ပြုချက်ကြောင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဗဟိုဘဏ်မှ ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမည့် ဒေါ်လာငွေများ ရရှိရန် ပိုမိုခဲယဉ်းသွားပြီဖြစ်ပြီး သွင်းကုန်များအတွက် ဒေါ်လာကို ပြင်ပဈေးကွက်တွင် ရှာဖွေဝယ်ယူကာ ပေးချေရမည့်အခြေအနေ ရောက်ရှိနေသည်။
‘‘အရင်က သွင်းကုန်သွင်းဖို့အတွက် ဒေါ်လာကို ကိုယ့်ဘာသာ ဘယ်ကရရ ပေးချေတာလုပ်လို့မရဘူး။ အခုတော့ မင်းတို့ဘာသာ ဒေါ်လာရှာပြီး သွင်းချင်သွင်းလို့ရတယ် ဆိုတာမျိုး လုပ်လိုက်တယ်။ သူတို့ဆီကတော့ ဒေါ်လာရဖို့ မမျှော်လင့်နဲ့တော့ပေါ့။ သူတို့ဆီက ဒေါ်လာရဖို့ဆိုရင်တော့ လုပ်ထုံးလုပ်နည်းတွေ ပိုကြပ်လိုက်ပြီး တော်တော်နဲ့ မရအောင်၊ လုပ်ကိုင်ရတာ ပိုကြပအောင် လုပ်လိုက်တယ်။ အဲ့ဒီတော့ ဘဏ်တွေမှာ ဒေါ်လာဘယ်ဈေးဆိုပြီး သတ်မှတ်ထားတဲ့ ဆိုင်းဘုတ်ချိတ်ဆွဲထားတာကလွဲရင် အပြင်ဈေးနဲ့က ၇၀၀ ကျော်လောက် ကွာနေပြီ”ဟု ရန်ကုန်မြို့မှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြစ်သော်လည်း ပြင်ပဈေးကွက်၌ ၁ ဒေါ်လာလျှင် ၂၄၀၀ မှ ၂၅၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိနေသည်။ ထို့ကြောင့် ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ကျပ် ၆၀၀ ကျော် ကွာဟနေသည်။
ပြည်တွင်းရှိ Money Changer ငွေလဲကောင်တာများနှင့် ပုဂ္ဂလိကဘဏ်များတွင် ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်း ပေါက်ဈေး ထုတ်ပြန်ထားသော်လည်း ဒေါ်လာရောင်းပေးခြင်းမရှိဘဲ ၁၈၅၀ ကျပ်ဖြင့် ဝယ်ယူခြင်းသာ ပြုလုပ်ကြောင်း ကုန်သည်များထံမှ သိရသည်။
ပြင်ပဈေးကွက်တွင်မူ ကန်ဒေါ်လာလဲနှုန်းကို အတိအကျ သတ်မှတ်ထားခြင်းမရှိဘဲ လိုအပ်ချက် အနည်းအများ အပေါ်မူတည်၍ ရောင်းသူနှင့်ဝယ်သူ ညှိနှိုင်းဈေးသတ်မှတ်ကာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။
‘‘ခပ်ရှင်းရှင်းပြောရရင် ကြိုက်ရောင်း၊ ကြိုက်ဝယ်ပဲ။ ကိုယ့်နီးစပ်ရာ အချင်းချင်း လက်တို့ပြီး ဈေးခေါ်၊ ဈေးပေးပဲ။ ပြင်ပဈေးတန်း သတ်သတ်မှတ်မှတ် မရှိတော့ဘူး။ ဒါတောင် အရောင်းအဝယ် ပြုလုပ်တာမှာ ကိုယ်မသိတဲ့သူဆို မလုပ်ရဲဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကလိုတော့ ပြင်ပဒေါ်လာဈေးကွက်ကလူတွေကို လိုက်ဖမ်းတာမျိုးတော့ မရှိသေးဘူး’’ဟု ရန်ကုန်မြို့လယ်ရှိ ဒေါ်လာအရောင်းအဝယ်ပြုလုပ်နေသူတဦးက ဆိုသည်။
၂၂ နှစ်ဆန်းပိုင်းမှစတင်္ငံ၍ စစ်ကောင်စီ၏ ကန်ဒေါ်လာထိမ်းချုပ်မှု အလွန်အမင်း ပြင်းထန်လာခြင်းနှင့် စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် မြန်မာပြည်တွင်း၌ ကြီးမားသည့် စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။
ဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေ နည်းပါးလာသည်ကို ကာကွယ်ရန်အတွက် ပြည်တွင်းလုပ်ငန်းအားလုံး၏ နိုင်ငံခြားငွေ ကန်ဒေါ်လာများကို သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို တိုင်းပြည်ထဲမှ ထွက်ခွာစေရန် တွန်းပို့နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေး ပညာရှင်တစ်ဦးက ပြောသည်။
‘‘အဓိကပြဿနာက ဗဟိုဘဏ်မှာကို ခိုင်မာတဲ့ ငွေကြေးမူဝါဒ မရှိပဲ အမိန့်တမျိုးပြီးတမျိုး ထုတ်လာတာကိုက ဈေးကွက်ကို ပိုပျက်စီးစေတယ်။ အဲ့ဒီလိုလုပ်တော့ ပြည်ပကနေ လာရင်းနှီးမြုပ်နှံနေကြသူတွေကို ကြောက်လန့်စေတယ်။ သူတို့မထွက် ထွက်သွားအောင်ကို တွန်းပို့နေရာရောက်တယ်။ သူတို့မှာ အခု ပြည်တွင်းစစ်မှာ လေယာဉ်နဲ့ပစ်တယ်ဆိုတာကိုက စစ်စရိတ် တော်တော်လေး ကုန်ကျတယ်။ အဲ့ဒါကြောင့်ပဲ ပြည်တွင်းက လုပ်ငန်းစုတွေရဲ့ ပြည်ပကျွေးမြီးတွေတောင်မှ မဆပ်ကြဖို့ကို သူတို့လုပ်တာပဲ။ အာဏာသိမ်းစစ်တပ်မှာ ဒေါ်လာလက်ထဲ မရှိတော့မှာကြောက်လို့ အကြောက်အကန်နဲ့ ဒေါ်လာကို သူတို့သိမ်းနေတာပဲ’’ ဟု သူက ဆက်ဆိုသည်။
မြန်မာနိုင်ငံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့ပြီးနောက် ၁ နှစ်ခွဲကြာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်း၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အလုပ်လက်မဲ့ဦးရေ ပိုမိုများပြားလာခြင်းအပါအဝင် တိုင်းပြည်၏ စီးပွားရေး ကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရသည်။