ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

ရှမ်းပြည်‌နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ် တပ်ဖွဲ့သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအဖြစ် တပ်စခန်းများသိမ်းပိုက်မှု သတင်းများကြောင့် နေပြည်တော်၊ တပ်ကုန်း၊ ဆွာမြို့အတွင်းရှိ စစ်တပ်မိသားစု၀င်များသည် နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့နေထိုင် နေကြကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့က ပြင်ဦးလွင်နှင့် ၇ မိုင်ခန့်သာဝေးသည့် သံဘိုရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောင်ချိုရှိ တပ်စခန်းများကို သိမ်းပိုက်ခံရမှု၊ ပြင်ဦးလွင် ၀က်ဝံဂိတ်အထိပါ မဟာမိတ်ညီနောင်အဖွဲ့များ ရောက်ရှိနေပြီဆိုသည့် သတင်းများကြားရပြီးနောက် ယခုကဲ့သို့ တပ်တွင်းမှ ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ထိုသို့ စစ်ကောင်စီ‌တပ်ဖွဲ့ဝင်များက ၎င်းတို့၏ တပ်ရင်းများကိုစွန့်ခွာ ပြေးသည့် သတင်းများကြောင့် နေပြည်တော်ရှိ တပ်ရင်းအချို့မှ မိသားစု၀င်များ စိုးရိမ်လျက်ရှိကာ တပ်တွင်း၌ နေထိုင်ရဲခြင်း မရှိတော့ဘဲ ပြည်သူများနေ ထိုင်သည့် အနီးကျေးရွာများသို့ သွားရောက် နေထိုင်လျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ် သားများသည် ညီနောင်သုံးဖွဲ့ လာရောက်တိုက်ခိုက် မည်ဆိုသည့် သတင်းကြောင့် စစ်စခန်းများနှင့် ရဲစခန်းများကို စွန့်ခွာ၍ အကျဉ်းသားများကိုပါ ခေါ်ယူပြီး နောင်ချိုမှ ရပ်စောက်အသွား လမ်းပိုင်းရှိ စစ်ကောင်စီ၏ အမှတ် ၁၇ အမြောက်တပ်တွင်းသို့ သွားရောက်ခိုလှုံနေကြကြောင်း သိရသည်။

“တပ်ထဲက မိသားစုတွေက စိုးရိမ်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ။ တပ်တွေကြီး အဓိကထားတိုက်နေတာ ဆိုတော့ တခြားကိုရှောင်ရင် လွတ်မယ်ထင်ပြီး အနီးနားက ရွာတွေထဲ သွားနေကြတာ။ တပ်ထဲမှာတော့ အ၀င်အထွက်တွေ တင်းကျပ်ထားတယ်။ ထွက်တာကလည်း အကြီးပိုင်းမိသားစုတွေပဲ” ဟု နေပြည်တော် တပ်တွင်းသတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြော သည်။

နေပြည်တော်၊ တပ်ကုန်း၊ ဆွာမြို့အခြေစိုက် ခလရ-၁၉၊ ခလရ-၈၄ နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်များမှ တပ်မိသားစု၀င်အချို့သည် တပ်တွင်း၌ နေထိုင်ရဲခြင်းမရှိတော့၍ နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေကြ ခြင်းဖြစ်သည် ဟု သိရသည်။

ပုံစာ- စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ၂၀၂၃ခုနှစ် ဧပြီ၁၅ရက်နေ့က နေပြည်တော်လေတပ်စခန်းမိသားစုသင်္ကြန်မဏ္ဍပ်တွင်တွေ့ရစဉ်

#နေပြည်တော်တပ်ရင်း #တပ်မိသားစုများ #ရွှေ့ ပြောင်း #Ayeyarwaddy_Times