ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့နှင့် သန္နီမြို့ကြားရှိ မိုင်းပါးတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခြင်းမရှိဘဲ စခန်းလုံး ကျွတ် ထွက် ပြေးသွားကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)ထံက သိရသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၄ နာရီခန့်က TNLA တပ်မဟာ-၄ စစ်ဒေသ အနီးတွင်ရှိသည့် စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကို TNLA က ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ပြန်လည်ခုခံတိုက်ခိုက်ခြင်းမရှိ ဘဲ စခန်းစွန့်ခွာထွက်ပြေးသွား ခြင်းကြောင့် TNLA အနေဖြင့် စခန်းကိုလွယ်ကူစွာသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

“ညသန်းခေါင်ထဲက စခန်းလုံးကျွတ်ထွက်ပြေးသွားတာ။ ဒီမနက် ၄ နာရီမှာ TNLA က စခန်းကိုရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ်။ စခန်းကိုထားခဲ့တာ၊ တိုက်တောင် မတိုက်လိုက်ရဘူး”ဟု TNLA စစ်ရေးသတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယနေ့ အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီအထိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့က စစ်ကောင်စီတပ်စခန်း လေးခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး လေးရက်မြောက်နေ့အထိ စစ်ကောင်စီတပ်စခန်း ၈၀ ခန့်ကို သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများ အပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Operation 1027 – 3BHA ·
ပုံစာ- စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်း
#ရှမ်းမြောက် #မိုင်းပါးစစ်ကောင်စီတပ်စခန်း# TNLAသိမ်းပိုက် #တပ်ကောင်စီတပ်ဖွဲဝင်များ #ထွက်ပြေး #၁၀၂၇စစ်ဆင်ရေး #Ayeyarwaddy_Times