နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်
စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသည့် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ လိုအပ်နေသော စွမ်းရည်ပမာဏ ထုတ်ယူနိုင်ရေးအတွက် ရုရှားနှင့် အကျိုးတူ လုပ်ဆောင်သည့် မြန်မာပြည်၏ အကြီးဆုံး ပင်းပက်သံမဏိစက်ရုံကို ပြန်လည် လည်ပတ်ရန် ဝန်ထမ်းများ ခေါ်ယူနေပြီး အလုပ်ရုံ ၂၂ ခုမှ ၁၇ ရုံကို စမ်းသပ်လည်ပတ်၍ သတ္တုရိုင်း ထုတ်လုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီက လက်နက်ခဲယမ်းများ ထုတ်လုပ်ရန် ရည်ရွယ်သော အဆိုပါစီမံကိန်းသည် ယူရေနီယမ် ကိစ္စနှင့် ပတ်သက်ဆက်နွယ်နေပြီး စီမံကိန်း တည်ဆောက် နေစဉ်အတွင်း မြေဧက ၁၁,၀၀၀ ကျော်ကိုလည်း ငွေကြေးအနည်းငယ်ဖြင့် အတင်းအဓမ္မ သိမ်းယူခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ၏ သတ္တုရိုင်းထုတ်လုပ်မည့် စီမံကိန်းကြောင့် တဘက်ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံထောင်ပေါင်းများစွာ၏ အသက်မွေး ဝမ်းကြောင်းနှင့် လယ်ယာမြေများကို ဖျက်ဆီးရန် ချိန်းခြောက်လာ နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး-PYO ထံက သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက် ပြီးနောက် NLD အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကို ရုရှားနှင့်အတူ ပူးပေါင်း၍ ပြန်လည် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း သူ့ရဲ့အာဏာ တည်မြဲရေးအတွက်ကို အခြေခံပြီးတော့ ရုရှားနဲ့ ပူးပေါင်းတယ်ဆိုတဲ့ဟာက နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ ထွက်ပေါက်တစ်ခုအနေနဲ့ သူလုပ်နေတာလည်း ဖြစ်ပါတယ်။ နေပြည်တော်မှာရော၊ ရုရှားခရီးစဉ်မှာရော ယူရေနီယမ်နဲ့ ပတ်သက်ရင် ရုရှားနဲ့ သဘောတူညီမှုတွေ လုပ်ထားခဲ့တာလည်း ရှိပါတယ်” ဟု PYO ဒါရိုက်တာ ခွန်ဦးက ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ပင်းပက်သံမဏိစက်ရုံသည် တောင်ကြီးမြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာခန့် အကွာ ပင်းပက်တောင်ရှိ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္တုသိုက်အနီးတွင် တည်ရှိကာ ၎င်းကို မြန်မာစစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် ရုရှားအစိုးရပိုင် Tyazhpromexport (TPE) တို့အကြား ပူးတွဲပရောဂျက်အဖြစ် ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့ကြောင်း သိရသည်။
သို့သော် ငွေကြေးအရှုံးပေါ် သည့်အတွက် NLD အစိုးရက ၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပင်းပက်သံမဏိစက်ရုံ လည်ပတ်မှုကို ဆိုင်းငံ့ခဲ့ရာ ပင်းပက်မှ ထုတ်လုပ်သည့် သံကြမ်းများကို ပေးပို့ရသော မြင်းခြံစတီးစက်ရုံသည်လည်း လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပင်းပက်သံမဏိစက်ရုံကို လာရောက်ခဲ့ပြီး ပြည်တွင်းသံမဏိ လိုအပ်ချက် အကြောင်းပြချက်ဖြင့် ပြန်လည်လည်ပတ်ရန် အမိန့်ပေးခိုင်းစေမှုကြောင့် ၎င်းလက်အောက်ခံ စက်မှုဝန်ကြီး ဌာနက အောက်တိုဘာလ ၄ ရက်နေ့မှ စတင်၍ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ဒီစီမံကိန်းသာ အကောင်အထည် ဖော်ဖြစ်သွားရင် စစ်ကောင်စီအတွက် နိုင်ငံရေး အကျိုးအမြတ်အပါအဝင် ဒေသမှာရှိတဲ့ လူထုတွေ၊ တောင်သူလယ်သမားတွေက ပိုပြီးတော့ ဒုက္ခရောက်သွားမယ်။ တော်လှန်ရေးအတွက်လည်း ရေရှည်မှာ အခက်အခဲ ပိုဖြစ်သွားနိုင်တယ်။ အဲဒီတော့ နိုင်ငံရေးအရရော၊ တော်လှန်ရေးအရရော လုပ်သလိုမျိုး၊ စီးပွါးရေးဒေါက်တိုင်ကို ဖြိုတာကအစ ဆက်ပြီးလုပ်သွားဖို့ လိုအပ်တယ်လို့ မြင်မိတယ်” ဟု PYO ဒါရိုက်တာ ခွန်ဦးက ဆိုသည်။
ထိုစီမံကိန်း၏ လောင်စာစွမ်းအင်အတွက် ကျောက်မီးသွေးကို ရှမ်းပြည်အလယ်ပိုင်းရှိ ကျေးသီမှ တူးဖော်၍ သဘာဝဓါတ်ငွေ့ကို မကွေး၊ ရွေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းမှ ရယူမည်ဖြစ်ကာ သတ္တုရိုင်းများ ပို့ဆောင်ရန်အတွက် ပင်းပက်သို့ သွယ်တန်းနိုင်ရန် ရထားလမ်းများ ဖောက်လုပ်ပြီး မန်းလေးတိုင်း၊ မြင်းခြံမြို့တွင် ဆက်လက်သန့်စင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း PYO ထံမှ သိရသည်။
“တဘက်ချောင်းက သဘာဝဂေဟစနစ် အတွက် အရမ်းအဖိုးကြီးတယ်။ ဟိုပုံးရော၊ ကယားက လယ်သမားတွေအားလုံးဒီချောင်းကို မှီခိုနေရတယ်။ ဒီစီမံကိန်း ဆက်သွားရင် ချောင်းရေတွေ အဆိပ်ရေ ဖြစ်တော့မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစီမံကိန်းများတွင် စစ်ကောင်စီနှင့် စီးပွါးရေးအရ အတူယှဉ်တွဲ လုပ်ကိုင်နေကြသည့် ယင်းဒေသမှ အင်အားစုများလည်း ပါဝင်နေပြီး ပင်းပက်သံမဏိစီမံကိန်း ပြန်လည်လည်ပတ်ရန် ကြိုးပမ်းရာ၌လည်း ပအိုဝ်းပြည်သူ့စစ်-PNO က ပူးပေါင်း၍ လုံခြုံရေးယူပေးကြောင်း ဒေသခံများထံက သိရသည်။
ယင်းစီမံကိန်း ပြန်လည်စတင်ခြင်းသည် စစ်ကောင်စီ၏ ဘဏ္ဍာငွေကို ဖြည့်တင်းစေပြီး ပင်းပက်သံမဏိစက်ရုံမှ ထုတ်ယူမည့် သတ္တုရိုင်းသည်လည်း စစ်ကောင်စီ၏ လက်နက် စက်ရုံဖြစ်ရန်အတွက် ဦးတည်စေသလို စစ်ခေါင်းဆောင်နှင့် ရုရှားနိုင်ငံခြားဝန်ကြီးတို့ တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင်း စီမံကိန်း အမြန်စတင်ရန် တိုက်တွန်းထားကြောင်း PYO က ဆိုသည်။
ဒေသခံလူထု၏ ယဉ်ကျေးမှု၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးအပြင် ရေအရင်းအမြစ်၊ သဘာဝ ပတ်ဝန်းကျင်နှင့် မြေယာဆုံးရှုံးမှုများ ထိခိုက်ပျက်စီး စေမည့် ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို ချက်ချက်ရုပ်သိမ်း၍ မတရားသိမ်းဆည်း ထားသည့် မြေယာများကို မူလတောင်သူများထံ ပြန်လည်ပေးအပ်ရန်၊ စိုက်ပျိုး၍မရတော့ဘဲ အဆိပ်ဖြစ်သွားသည့် မြေများကိုလည်း တရားမျှသည့် လျှော်ကြေး၊ နစ်နာကြေးများ ပေးဆောင် ရန် ပအို၀်းလူငယ်အစည်းအရုံး PYO က တောင်းဆိုထားသည်။
#စစ်ကောင်စီ #ရုရှား #ပင်းပက်သံမဏိစက်ရုံ #လက်နက်တပ်ဆင်ထုတ်လုပ်ရေး #ဆက်နွယ် #Ayeyarwaddy_Times