‌ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

ကိုးကန့်နေပြည်သူများ စစ်ကောင်စီနှင့် နီးကပ်စွာမနေရန် နှင့် စစ်ရေးကာလအတွင်း အပြင်မထွက်ကြရန် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) က အသိပေးထုတ်ပြန်ထား သည်။

MNDAA သည် တရုတ်ဘာသာဖြင့် ကြေညာထားသည့် ကြေညာချက် ချက်နှစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်တွင် ကိုးကန့်အထူးဒေသ(၁)အတွင်း နေထိုင်သည့် ပြည်သူများအနေနှင့် စစ်ကောင်စီနှင့် နီးကပ်စွာ နေထိုင်ခြင်းမပြုရန်၊ စစ်ရေးကာလအတွင် အပြင်မထွက်ရန် ၊ ကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန် စသည့် အချက်များပါရှိသည်။

‌ထို့ပြင် ကိုးကန့် အထူးဒေသအတွင်းရှိနေသည့် ကျားဖြန်လုပ်ငန်းလုပ် ဆောင်နေသူများနှင့် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့၀င်များ အမြန်လာရောက်၍ အလင်း၀င်ကြရန်လည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

MNDAA အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရုပ်သေးအဖွဲ့ဝင် ပြည်သူ့စစ်များ၊ ရဲများ MNDAA ထံ အမြန်လာရောက် အလင်း၀င်ရန်နှင့် ဆက်လက်ပြီး စစ်ကောင်စီထံ ဆက်လက်တာ၀န်ထမ်းဆောင်ပါက ပြင်းထန်စွာ အရေးယူ မည်ဖြစ်ပြီး အလင်း၀င်ပါက အသက်အိုး အိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေး သွားမည် ဟုလည်း ဖော်ပြထားသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ ကြေညာပြီးနောက် ယင်းနေ့ နံနက် ၄ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို တပြိုင်နက်တည်းစီးနင်းတိုက်ခိုက်ခဲ့ကြသည်။

ဓာတ်ပုံ- The Kokan အောက်တိုဘာလ ၂၉ ရက် စစ်ကောင်စီ၏ မုံးကိုးဒေသရှိ တပ်စခန်းကိုသိမ်းယူ(ပုံ)

#မဟာမိတ်ညီနောင်#MNDAA#ထုတ်ပြန်ချက် #စစ်ရေးပစ်မှတ် #စစ်ကောင်စီ #အလင်း၀င်ရန် #Ayeyarwaddy_Times