ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှောပင်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကိုရင်နှစ်ပါး အပါအ၀င် ငါး ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ကင်းရွာကို လက်နက်ကြီးဖြင့်ခတ်ခဲ့၍ ကင်းရွာမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ၄ နှစ်အရွယ် ကလေးငယ်အမျိုးသမီးတစ်ဦးမှာ လက်တစ်ဖက် ဖြတ်တောက်ခဲ့ရပြီး ည ၁၀ နာရီတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကန်ရပ်ကြီးကျေးရွာမှ ကိုရင် နှစ်ပါးသည်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံထိမှန်၍ ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“နေ့ခင်းကြီးကို လက်နက်ကြီးနဲ့ လှမ်းပစ်ကြတာဗျာ၊ လူတွေ သေတဲ့အပြင် တိရိစ္ဆာန်တွေပါသေတယ်။ အရမ်းလည်း နာကျင်ရတယ်ဗျာ။ ကိုယ့်လက်ထဲ လက်နက်ကလည်း မရှိတော့ တွေ့သမျှ ဒီကောင်တွေကို ဘယ်လိုလုပ်ရမှန်းမသိဘူး။ အခုက ပစ်ချင်တိုင်းပစ်တယ်။ လုပ်ချင်တိုင်လုပ်နေကြတော့တာ”ဟု ကင်းရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကင်းရွာမှ ဒေါ်အေးဆင့် အသက် ၆၀ နှစ်သည် လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏နေအိမ်မှ ဆိတ်လေးကောင်လည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံထိမှန်၍ ဒေသခံ ရှစ် ဦးမှာလည်း ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် ဖုန်းကန်ရွာ၌ စစ်ကောင်စီတပ်များအထိုင်ချနေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရကာ တောထဲတွင် အိပ်နေရကြောင်း သိရသည်။

#မြိုင်မြို့နယ် #စစ်ကောင်စီ #လက်နက်ကြီးနှင့် #ရမ်းသမ်းပစ်ခတ် #ကိုရင်နှစ်ပါး #အပါအ၀င် #၅ဦးသေဆုံး #Ayeyarwaddy_Times