ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာလ ၃၀ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ နွားနောက်၊ ကျွဲနှင့် နွားများခွာနာ၊ လျှာနာဖြစ်ပွားနေပြီး ခွာနာ၊ လျှာနာရောဂါကြောင့် နွားနောက်၊ ကျွဲနှင့် နွားများရာနှင့်ချီ၍ သေဆုံးခဲ့ကြောင်းဒေသခံ များထံက သိရသည်။

အဆိုပါခွာနာ၊ လျှာနာဖြစ်ပွားနေ‌သော နွားနောက်၊ ကျွဲနှင့် နွားများကို ဒေသခံများက မကုသနိုင်သည့်အတွက် သေဆုံးမှုမြင့်တက်နေဆဲဖြစ်ပြီး ကာကွယ်ဆေးထိုးနှံလိုပါက မင်းတပ်မြို့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူရေးနှင့်ကုသရေးဌာနနှင့် ချိပ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“အသားရောင်းတာတွေ တားမြစ်ထားပေမယ့် အခုလည်း ထိရောက်စွာ မကုသ နိုင်သေးဘူး။ နွားနောက်၊ ကျွဲ၊ နွားသေဆုံးမှုတွေတော့ မြင့်တက်နေဆဲပဲ။ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ သတင်းတော့ ကြားရတယ်။ ဒါပေမယ့် မဆက်သွယ်ရသေးဘူး။ ဆက်သွယ်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ တကယ်ထိ ရောက်တဲ့ ကာကွယ်မှုမျိုးဖြစ်ရင် အရမ်းဝမ်းသာမိမှာပါ”ဟု နွားနောက်မွေးမြူနေသော မတူပီမြို့နယ်၊ ဒေသခံအမျိုးသားက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခွာနာ၊ လျှာနာရောဂါသည် ကူးစက်နှုန်းမြန်ဆန်၍ လူမှုအကျိုးစီးပွားကို များစွာ ထိခိုက်စေနိုင်ပြီး လူကိုပင်ကူးစက်နိုင်သည့် ရောဂါဖြစ်ကြောင်းမင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မင်းတပ်မြို့နယ်တွင် နယ်ခြားမှ နွားနောက်များ၊ ကျွဲ၊ နွားများနှင့် ၎င်းအသားတို့မှ ထွက်ရှိသော အသားနှင့် အခြားကိုယ်အင်္ဂါများကို သယ်ယူခေါ်ဆောင်လာခြင်းများ မပြုလုပ် ကြရန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခွာနာ၊ လျှာနာရောဂါ ဖြစ်ပွားခြင်းမရှိသည်မှာ ဆယ်စုနှစ်ကြာမြင့်ပြီးနောက် ထပ်မံဖြစ်ပွားလာခြင်းဖြစ်ပြီး နိုင်ငံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကာကွယ် ဆေးများ မရနိုင်သည့်အတွက် လက်ရှိအချိန်အထိ ထိရောက်စွာ ကုသနိုင်ကြခြင်း မရှိကြောင်း သိရသည်။

ဓာတ်ပုံ-မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုံစာ- ခွာနာ၊ လျှာနာဖြစ်ပွားနေသော နွားနောက်များ
#ချင်းပြည်နယ် #ခွာနာလျှာနာဖြစ်ပွား #နွားနောက် #ကျွဲနှင့်နွားများ #ကာကွယ်ဆေးများထိုးနှံနိုင် #မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး #Ayeyarwaddy_Times