ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးခင်းများပျက်စီးသည့်အတွက် ထွက်နှုန်းကျကာ ဧရာဝတီတိုင်းမှ လယ်သမားများ အရှုံးပေါ်နေသဖြင့် ထပ်မံစိုက်ပျိုးရန် အခက်ခဲများဖြစ်ပေါ်နေကြောင်း လယ်သမားများထံမှ သိရသည်။

စစ်ကောင်စီလက်ထက်တွင် သွင်းအားစုများ ဈေးကြီးမြင့် ခြင်းကြောင့် စပါးစိုက်ပျိုးရာတွင် ဧကများစွာ စိုက်ပျိုးနိုင်ခြင်း မရှိတော့ပဲ ဧကအနည်းငယ်သာ စိုက်ပျိုး နိုင်ခဲ့ကြပြီး ရိတ်သိမ်းချိန်တွင်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် စပါးအထွက်နှုန်းကျဆင်းပြီး လယ်သမားများ အရှုံးပေါ်ကာ ထပ်မံစိုက်ပျိုးရန် အခက်ခဲများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

“လယ်ကအရင်လို လုပ်လို့အဆင်မပြေတော့ဘူး။ ဓာတ်မြေဩဇာလည်း လိုသလောက် မထည့်နိုင်ကြတော့ဘူး။ လယ်လုပ်တဲ့ဧကတောင် လျှော့လုပ်နေကြရတာ ။ လယ်တစ်ဧက အနည်းဆုံး တင်း၆၀လောက်ထွက်တာတောင် အရင်းတိုက်ပဲရှိတယ်။ အခုရိတ်ခါနီးမှ ရေတွေမြုပ်လာတော့ ရိတ်လို့လည်းအဆင်မပြေ စပါးအပျက်စီးကလည်း အရမ်းများတယ် ” ဟုဟင်္သာ
တမြို့နယ်မှ လယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စပါးရိတ်သိမ်းချိန်တွင် မိုးရွာသွန်းခြင်း၊ လေပြင်တိုက်ခတ်ခြင်း နှင့် ရေမြုပ်ခြင်းများကြောင့် စပါးခင်းမျာအား ရိတ်သိမ်းရာတွင် ခက်ခဲစွာရိတ်သိမ်းနေကြရပြီး စပါးဈေးလျော့နည်းခြင်းကြောင့်လည်း လယ်သမားများ အရှုံးပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“အရင်က တောသူဌေးဆိုတာ လယ်သမားကိုပြောတာ။ အခုတော့ လယ်သမားမှန်ရင် အကြွေးပတ်လည်ဝိုင်းနေကြပြီ ။ ပွဲစားနဲ့ ဓာတ်မြေသြဇာဆိုင်တွေပဲ ချမ်းသာမှာ။ ဒီနှစ်မှာ လယ်ကစိုက်စရိတ်နှုတ်ပြီး ပြန်တွက်ရင် တစ်ဧက တစ်သိန်းလောက်ရှုံးနေပြီ။ နောက်တစ်ရာသီအတွက် ဘယ်လိုလုပ်ရမှန်တောင် မစဥ်းစာတတ်တော့ဘူး “ဟုဝါးခယ်မမြို့နယ်မှ လယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းတွင် ငစိန် ၊ ရက် ၁၀၀ ၊ ရက် ၁၁၀၊ တောင်ပျံ ၊ ဂျပန်မျိုးရင်း ၊ ပေါ်ဆန်း ၊ ကရင်မ စသော စပါးများကိုအဓိကထား စိုက်ပျိုးကြပြီး စပါးအမျိုးစားပေါ် မူတည်၍ ရိတ်သိမ်းချိန်ကွာခြားမှုများ ရှိကြောင်းသိရသည်။

စစ်ကောင်စီတက်လာပြီနောက်ပိုင်း သွင်းအားစု ဈေးကြီးမှုနှင့် လယ်ယာမြေများအား အခြားအသုံးပြု့ခွင့်ကို အောက်ခြေတွင် လာဘ်ငွေယူပြီး လုပ်ခွင့်ပေးနေသည့်အတွက် စပါးစိုက်ဧက မှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့ပြီး လယ်ယာမဲ့ တောင်သူများပြားလာကြောင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

#ရာသီဥတုဖျက်သည့်အတွက် #စပါးထွက်နှုန်းကျပြီး #ဧရာဝတီတိုင်းမှ #လယ်သမားအချို့အရှုံးပေါ်
#Ayeyarwaddy_Times