
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ် တပ်ဖွဲ့သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး လေးရက်မြောက်နေ့ ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်အင်အား လုံး၀မရှိတော့၍ လေကြောင်း ပစ်ကူများဖြင့်သာ တိုက်ခိုက်နေရကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းကတည်းက နောင်ချိုမြို့နယ်ရှိ စစ်စခန်းနှင့် ရဲစခန်းများကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ညနေပိုင်းအချိန်တွင် ပြင်ဦးလွင် ၀က်ဝံအထိ မဟာမိတ်တပ်ဖွဲ့များ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ရှမ်းမြောက်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်း ကျက်တပ်စခန်းကို ယနေ့ နံနက်မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အသေပျောက်စာရင်းများကို နောက်ဆက်တွဲကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖောင်းဆိုင်ဘက်တွင်လည်း တပ်စခန်း လေး ခုကို သိမ်းပိုက်ထားပြီး ကွမ်လုံမြို့ ပတ်၀န်းကျင်တွင် တိုက်ပွဲများ ဆက်လက်တိုက်ပွဲအရှိန်မြှင့်သွားမည်ဟု မဟာမိတ် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်က ရဟတ်ယာဉ်၊ ဂျက်တိုက်ယာဉ်များဖြင့် မုံးကိုး၊ မန်ယန်၊ ပန်ဆန်းတလျှောက် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး မဟာမိတ်သုံးဖွဲ့မှ လည်း မြေပြင်စိုးမိုးမှုများ ဆက်တိုက်ရယူကာ ပြင်ဦးလွင်အထိ နယ်မြေစိုးမိုးမှု ရယူရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်မှစတင်ခဲ့သည့် စစ်ဆင်ရေး လေးရက်မြောက်တွင် ညီနောင် မဟာမိတ်မြောက်ပိုင်းသုံးဖွဲ့ က စစ်ရေးအရအသာစီးရယူကာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အတော်များများရှိ စစ်ကောင်စီ တပ်စခန်းနှင့် ရဲစခန်းများကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားရာကျော် သေဆုံးကာ လက်နက်ခဲယမ်း အမြောက်အများကိုလည်း စံချိန်တင်ဆုံးရှုံးခဲ့သည့် အတွက် ယခုကဲ့သို့ လေကြောင်းဖြင့် သာ တိုက်ခိုက်နိုင်တော့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဘက်တွင်လည်း ညီနောင် မဟာမိတ်အဖွဲ့၀င်ဖြစ်သည့် ရက္ခိုင်တပ်တော် AA က စစ်ကိုင်းတိုင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိပြီး ယခုလက်ရှိ ထီးချိုင့်တွင် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိကြောင်းသိရသည်။
ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ် တပ်ဖွဲ့သုံးဖွဲ့သည် စစ်ဆင်ရေးကို နယ်မြေများကို သတ်မှတ်ကန့်သတ်မထားဘဲ ဖော်ဆောင် သွားမည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- The kokang
#ရှမ်းမြောက်တိုက်ပွဲများ #စစ်ကောင်စီတပ် #မြေပြင်စစ်အင်အားမရှိ #လေကြောင်းဖြင့်တိုက်ခိုက် #မဟာမိတ်များ #နောင်ချိုပြင်ဦးလွင်နားရောက်ရှိ #Ayeyarwaddy_Times