
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
နိုင်ငံခြား ငွေရရှိရေးအတွက် အဓိကထားရောင်းချနေသည့် စစ်ကောင်စီ၏ ၂၀၂၃ ခုနှစ် နှစ်ကုန် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲကို ယခင်ထက် နှစ်ဆနီးပါးရောင်းချ နိုင်ကြောင်း စစ်ကောင်စီ၏ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀ မှ ၂၈ ရက်နေ့အတွင်း ရောင်းချရာတွင် ကျောက်စိမ်းအတွဲပေါင်း ၃၇၀၄ တွဲရောင်းချခဲ့ပြီး ယခုနှစ်စကပြုလုပ်သည့် ကျောက်မျက် အရောင်းပွဲတွင် ကျောက်စိမ်း ၁၅၄၄ တွဲရောင်းရသဖြင့် နှစ်ဆနီးပါး ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကော်မတီထံက သိရသည်။
ထို့ပြင် ပုလဲအတွဲ ၃၀၀ နှင့် ကျောက်မျက်အတွဲ ၇၃ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ဝယ်ယူခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောက်မျက်ရတနာရောင်းချပွဲတွင် အုပ်စု သုံးစုခွဲခြားထားကာ နိုင်ငံခြားငွေ ဖြင့်ဝယ်ယူရမည့် ကျောက်စိမ်းအတွဲများ သတ်မှတ်ထားပြီး ပြည်တွင်း၊ ပြည်ပ ကုန်သည်များက နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်ငွေများဖြင့် ဝယ်ယူခဲ့ရကြောင်းသိရသည်။
စစ်ကောင်စီသည် တစ်နှစ်နှစ်ကြိမ် ပုံမှန်ရောင်းချသည် ကျောက်မျက်ရတနာပြပွဲကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက မပျက်မကွက်ရောင်းချခဲ့ပြီး နိုင်ငံခြားငွေ ရရှိစေရန် စစ်အုပ်စုက ကြိုးစားခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လက ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၁၅၄၄ တွဲရောင်းချခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီထံက သိရသည်။
ကျောက်စိမ်းတူးဖော်ရာဖားကန့်ဒေသတွင် စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများပိုင်ဆိုင်သည့် ကုမ္ပဏီများက ကျောက်စိမ်းများအလွန်အကျွံတူးဖော်ခြင်း၊ အလုပ်သမားများ အပေါ် ခေါင်းပုံ ဖြတ်ခံခြင်းအပါအဝင် ဖိနှိပ်စေခိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
ပြည်သူများ ပိုင်ဆိုင်သည့် တွင်းထွက်သယံဇာတများ သတ္တု၊ ကျောက်မျက်၊ ပုလဲနှင့် သစ်များကို ထုတ်လုပ် ရောင်းချနေသည့်လုပ်ငန်းရှင်နှင့် ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – MOI
#ကျောက်မျက်ပြပွဲ #ကျောက်စိမ်းတွဲနှစ်ဆရောင်းချ #ပုလဲတွဲရောင်းချ #Ayeyarwaddy_Times