
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊အောက်တိုဘာလ ၃၀ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်-ရေဖြူ လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဝေဟင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) – ရေဖြူထံကသိရသည်။
ပြီးခဲ့သည် အောက်တိုဘာ ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ထားဝယ်-ရေဖြူ လမ်းပိုင်း တစ်နေရာတွင် ထားဝယ်မြို့ဘက်မှ ရေဖြူဘက်သို့တက်လာသော စစ်ကောင်စီ ကားသုံးစီးပါယာဥ်တန်းကို ညင်းထွေးရွာနှင့် ကျောက်ကညှာ ရွာကြားလမ်းပိုင်း တစ်နေရာ၌ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့ (စစ်ကောင် စီတပ်)သားတွေ ပါလာတဲ့ ကား က အားလုံး သုံးစီးပါ။ မြေတင်ကား နှစ်စီး နဲ့(Vigo)ကား တစ်စီး၊ မြေတင်ကား နှစ်စီး အလယ် မှာ (Vigo) ကား ကကြား ညှပ်လိုက်လာတယ်။ အဲဒီ(Vigo) ကားမှာက စစ်တပ်က အရာရှိ အချို့ ပါလာတယ်လို့သိထားတယ်။ ဒါကြောင့် အဲဒီယာဥ်တန်းကို အပိုင်မိုင်း နှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ ကားကတော့ မိုင်းထိပြီး ရေဖြူအခြေစိုက် အမတ ၃၀၄ တပ်ရင်းမှာ ညအိပ်လိုက်တယ်။ မနက်ကျမှ အခြားကားတွေနဲ့ ကလိန်အောင်ဘက်ကို တက်သွားတယ်။ ထိခိုက်ပျက်စီးသွားတဲ့ (Vigo) ကားကိုတော့ နောက်တစ်နေ့မနက်မှာ ဝပ်ရှော့ကိုပို့လိုက်တယ်” ဟု ဝေဟင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေဖြူမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ခန့်ကြာမြင့်ခဲ့ကာ အမတ-၃၀၄ အမြောက်တပ်ရင်းဘက်မှ လက်နက်ကြီးဖြင် တော်လှန်ရေးတပ်ဖွဲ့များ ရှိရာဘက်သို့ ပစ်ကူပေးသောကြောင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ဝေဟင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေဖြူ တာဝန်ရှိသူက ဆိုသည်။
အဆိုပါမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး သေဆုံး၍ အရာရှိအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများသည် ထားဝယ်မြို့စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။
ထားဝယ်-ရေဖြူ ပြည်ထောင်စုကားလမ်းမပေါ်တွင် သွားလာနေသည့် ခရီးသွား ပြည်သူ များအနေဖြင့် စစ်ကောင်စီတပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား အချိန် အခါ နေရာမရွေးတိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် သွားလာရာတွင် အထူးသတိပြု၍ သွားလာရန် အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ ၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေဖြူ
#ထားဝယ်ရေဖြူလမ်း #စစ်ကောင်စီ၃စီးပါယာဥ်တန်း #ပေါက်ကွဲအားပြင်းမိုင်း #တိုက်ခိုက် #စစ်ကောင်စီတပ်သား၃ဦးသေ #Ayeyarwaddy_Times