
ဧရာတတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
လက်ရှိဖြစ်ပွားနေသော ရှမ်းမြောက်စစ်ဧရိယာတွင် လားရှိုးမှ ချင်းရွှေဟော်သို့ သွားသည့် လမ်းပိုင်းရှိ နမ္မတူတံတားကျိုးသွားသည့်အတွက် လမ်းပန်ဆက်သွယ်ရေးပြတ်တောက်နေပြီး လောင်ကိုင်မြို့နယ် ( ချင်းရွှေဟော်) ရောက် ကုန်တင်ယာဉ်မောင်းများနှင့် အလုပ်သမားများ စားဝတ်နေရေး အခက်အခဲကြုံ နေရကြောင်း သတင်းရရှိသည်။
အဆိုပါ သိန္နီမြို့ရှိ သိန္နီတံတား (ခေါ်) နမ္မတူချောင်းတံတားသည် လားရှိုးမြို့အထွက်တွင် တည်ရှိပြီး ဘယ် ဘက်သို့သွားပါက မူဆယ်သွားရာလမ်းဖြစ်ပြီး တံတားတည့်တည့်လမ်းကြောင်းသည် လောက်ကိုင်သို့ သွားသည့်လမ်း ဖြစ်ပြီး အရေးပါသော တံတားတစ်စင်းဖြစ်သည်။
ထို့ပြင် လားရှိုးမြို့နှင့် လောက်ကိုင်မြို့နယ်အကြား လမ်းပိုင်းများတွင် ကုန်တင်ပစ္စည်းများဖြင့် ပိတ်မိနေသာ ကုန်တင်ယာဉ်အစီး ၂၀၀ ခန့်ရှိကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုသည် လေးရက်ရှိပြီဖြစ်ကာ လောက်ကိုင်ရောက် ကုန်တင်ယာဉ်မောင်းများနှင့် အလုပ်သမားများအတွက် စားဝတ်နေရေးခက်ခဲလာကာ စားစရိတ်ထောင်းလာပြီဖြစ်ကြောင်း လားရှိုးမှ လောက်ကိုင်သို့ ပြေးဆွဲသော ကုန်တင်ယာဉ်မောင်းတစ်ဦး က ပြောကြားသည်။
“လောက်ကိုင်က စားသောက်ကုန်တွေကို လာရှိုးကနေပဲပို့ရတာ သူတို့ဆီမှာ ဘာမှမထွက်ဘူး။ ဒီကပဲထွက်တာ ဒီကပဲပို့ရတော့ ဒီမှာ ၃၀၀၀ ဆိုရင် ဟိုမှာ ၆၀၀၀ လောက်ကျနေပြီ။ အကုန်လုံးက တရုတ်ပိုက်ဆံနဲ့ဝယ်တော့ သိပ်မဆိုးဘူး။ အခုကျမပို့ရတော့ အဲဒီ ကားတွေလည်းမတက်ရတော့ဘူးဆိုရင် နောက်တစ်ပတ်လောက်ဆို အဆင်ပြေမှာမဟုတ်ဘူး။ ရေသန့်ကအစအဆင်ပြေမှာမဟုတ်တော့ဘူး” ဟု လားရှိုး- လောက်ကိုင်ပြေးဆွဲသော ကုန်တင်ယာဉ်မောင်းတစ်ဦး က ပြောကြားသည်။
လမ်း၊ တံတားများ ကျိုးကျပျက်စီးနေသောကြောင့် လားရှိုးမှ ရေသန့်အပါအဝင် စားသောက်ကုန်များ လောက်ကိုင် မြို့သို့ ပို့ဆောင်နိုင်ခြင်းမရှိသဖြင့် စားနပ်ရိက္ခာပြတ်တောက်မှုများဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စားသောက်စရိတ်ကုန်ကျမှု များပြားနေပြီး ကုန်တင်ယာဉ်မောင်းသုံးဦး ထမင်းတစ်ခါစားလျှင် ကျပ်တစ်သိန်းဝန်းကျင် ပေးရပြီး ရေသန့်တစ်ဗူးလျှင် တစ်ထောင်ကျပ် ၊ သန့်စင်ခန်းကြေး တစ်ခါဝင် လျှင် နှစ်ထောင်ကျပ် ပေးရသဖြင့် ကုန်ကျစာရိတ်အဆမတန် ကျခံနေရကြောင်း ကားသမားတစ်ဦးက ပြောကြားသည်။
“ဘယ်လိုပြောမလဲဆို စရိတ်ထောင်းပြီ ဈေးတွေလည်းကြီးတယ်။ နောက်ပြီးတော့ အခုအရောင်း အကုန်ပိတ် လိုက်ပြီးဆိုတော့ အခြေအနေက မကောင်းဘူး။ နောက်တစ်ပတ်လောက်ဆို ကျွန်တော်တို့လည်းရှိတာရှာကြံစားရ တော့မှာပဲ။ ဘာလို့ဆို ဆိုင်တွေက အကုန်ပိတ်လိုက်ပြီ ” ဟု လောက်ကိုင်ရောက် အလုပ်သမားတစ်ဦးက ပြောသည်။
လက်ရှိတွင်မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပိတ်ထားသော လားရှိုး – ချင်းရွှေဟော်လမ်းပိုင်းကို တစ်ရက်ပြန် ဖွင့်ပေးမည့်သတင်းရပြီး ပြန်ဖွင့်ပေးချိန်တွင် လောက်ကိုင်ရောက်ရှိသူများ အားလုံးပြန်လည်ဆင်းလာ မည်ဖြစ်ကြောင်းသိရသည်။
“သူတို့ လမ်းတစ်ရက်ဖွင့်ပေးမယ်ကြားတယ်။ လမ်းဖွင့်ရင်အကုန်ဆင်းရမယ်။ ခရီးသည်တွေကားအပြည့် အကုန်ဆင်းမှာ။ တရုတ်ပြည်ကိုသွားတဲ့သူတွေ တစ်ယောက်ကို သုံးသိန်း၊ လေးသိန်းနဲ့ ကားခပေးတယ်။ ဒါပေမယ့် ဆင်းလို့မရဘူး။ တံတားတွေလည်းကျိုးထားတယ်။ ဖြတ်ရင်လည်းပစ်မယ်လို့ပြောထားလို့ ပြန်လို့မရဘူး” ဟု လောက်ကိုင်ရှိ ယာဉ်မောင်းတစ်ဦးက ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်မျက်နှာပြင်များဖွင့်ကာ မြောက်ပိုင်းသုံးဖွဲ့က စစ်ကောင်စီကို တိုက်ခိုက်နေပြီး လားရှိုး – ချင်းရွှေဟော် နှင့် လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီး ကိုပိတ်ထားပြီး ပြန်လည်ဖွင့်ပေးမည့်ရက်အကြောင်းကြားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်စစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရှမ်းမြောက်ဧရိယာအတွင်းရှိ မူဆယ်မြို့သွားရာလမ်းကြောင်းဖြစ်သည့် ကွတ်ခိုင်- နမ့်ဖက်ကာလမ်းပိုင်း၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးရုံးများအပါအဝင် သိန္နီမြို့ရှိ ရဲစခန်းများ၊ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းMNDAA က သတင်းထုတ်ပြန်ထားသည်။
#လားရှိုးလောက်ကိုင်လမ်း #ပြတ်တောက် #လောက်ကိုင်ရောက် #ကုန်တင်ကားများ #အလုပ်သမားများ #အခက်အခဲကြုံနေရ #Ayeyarwaddy_Times