ဧရာဝတီတိုင်းမ်
(မင်းလှ)၊ အောက်တိုဘာလ ၃၀ ရက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်၏ တပ်သားစုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်းကို ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၉ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် သာယာဝတီဂဠုန်တပ်ဖွဲ့နှင့်သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ -၂ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။

မင်းလှအခြေစိုက် ခလရ-၁ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား စုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်း ကို စစ်ကောင်စီတပ်တွင်းသတင်း ပေးချက်အရ ဇရစ်ချောင်းကျေးရွာနှင့် ချောင်းနားကျေးရွာကြား ဖဲဝိုင်းသွားရာ လမ်းတစ်နေရာတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးမျိုးဆန်းဝင်းအား ပစ်ခတ်ခဲ့ပြီးနောက် လည်ပတ်သူများနေသည့် သီတင်းကျွတ် လပြည့်နေ့ဖြစ်သောကြောင့် ၎င်းကိုင်ဆောင်သည့်ပစ္စတိုအား သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“သူ့ကိုစောင့်နေတာကြာပြီ။ အခုမှသူတို့ချင်း အဝေမတည့်လို့ သူ့ကိုမကျေနပ်တဲ့ သူက သတင်းပေးလို့ ရှင်းလိုက်နိုင်တာ။ သူကတပ်သားသစ်တွေကို ဖဲဝိုင်းတွေကလည်း စုဆောင်းတယ်။ သူကဖဲလှည့်ရိုက်နေတာ။ အခုလည်းဖဲဝိုင်းသွားတဲ့လမ်းမှာပဲ ရှင်းလိုက်တာ။ သူသေသွားတော့ မင်းလှထဲက စစ်ကောင်စီဘက်တော်သားတွေ တော်တော် ကြောက်ကုန်ကြတယ်။ မြို့ခံတွေကတော့ တော်တော်ပျော် သွားကြတယ်” ဟု PDF တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဗိုလ်ကြီးမျိုးဆန်းဝင်းသည် စစ်တပ် အာဏာသိမ်းစဉ်ကာလမှ ယခုအချိန်အထိ စစ်ကောင်စီကို ဆန့်ကျင်သူများအား ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ ကျေးရွာများအတွင်း လှည့်လည်သွားလာ၍ မသိနားမလည်သည့်ဒေသခံများကို ခေါ်ယူကာတပ်သားသစ် စုဆောင်းခြင်း၊ ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းရန် စီမံခန့်ခွဲခြင်းများ လုပ်ဆောင်နေ သည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း ဘန့်ဘွေးကုန်း ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကြောင်းမှ အရက်သောက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးမှာနေရာတွင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂

#မင်းလှ #ခလရ၁ #တပ်သားစုဆောင်းရေးတာဝန်ခံဗိုလ်ကြီး #ပစ်သတ်ခံရ #PDFတပ်ရင်း၃၈၀၂ #Ayeyarwaddy_Times