ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်ရုံး)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန (လ၀ကရုံး) ၊ တရားရုံးနှင့် ရဲစခန်းဆိုင်းဘုတ်များကို ဖြုတ်သိမ်းခြင်း၊ ဆေးသုတ်ဖုံးအုပ်ခြင်းများပြုလုပ်၍ တံခါးပိတ်ကာ ပုန်းအောင်းနေကြောင်း ဒေသခံများထံက သိရသည်။

ကျောက်မဲမြို့နှင့် နီးစပ်သည့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီလက်အောက်ခံ စစ်စခန်းများ၊ ရဲစခန်းများကို MNDAA၊ TNLA၊ AA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နေခြင်းကြောင့် ကျောက်မဲမြို့အထိ တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ယခုကဲ့သို့ လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ဆေးဖမ်းဆီးမှုများ ကြမ်းတမ်းစွာလုပ်ဆောင်လေ့ရှိသည့် ကျောက်မဲမြို့ပြင် စစ်ကောင်စီစစ်ဆေးရေးဂိတ်၊ ကျောက်မဲငြိမ်းချမ်းကုန်းဂိတ်မှ စစ်ကောင်စီ တပ်သားများသည် ၎င်းတို့အား လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ဂိတ်ကိုစွန့်ခွာကာ တပ်အတွင်းသို့ ပြန်လည်ဆုတ်သွားကြောင်း သိရသည်။

“ဌာန ဆိုင်းဘုတ်တွေကို ဖြုတ်ပြီး ရုံးခန်းတွေပိတ်ထားတယ်။ လူအကုန်ရုံးမထိုင်ဘဲ အလှည့်ကျ ရုံးထိုင်စနစ် လုပ်ထားတယ်။ တရားရုံးဆိုင်းဘုတ်ကိုလည်း ဆေးအမည်းတွေ သုတ်ပြီး ဖုံးထားတယ်။ ကျောက်မဲမှာက တိုက်ပွဲမဖြစ်သေးဘူး။ စကစ(စစ်ကောင်စီ) ဘက်က လက်နက်ကြီးနဲ့ ပစ်တာတော့ရှိတယ်”ဟု ကျောက်မဲဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကျောက်မဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများရှိနေပြီး မြို့တွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ရှိသည့် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာ၍ တပ်အတွင်းတွင် ပြန်လည် ပုန်းအောင်းနေကြကြောင်း ကျောက်မဲဒေသခံက ဆိုသည်။

ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့၀င်များသည် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်နေ့ကစတင် ဖော်ဆောင်ခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့အထိ ရှမ်း‌ပြည်နယ်မြောက်ပိုင်းအတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

နောင်ချို၊ သိန္နီ၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်တွေရှိ စစ်ကောင်စီစစ်စခန်းနှင့် ရဲစခန်း‌အားလုံးကို ထိန်းချုပ်ထားနိုင်ပြီး ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မုံးကျက်တပ်စခန်းကို ၀င်ရောက်တိုက်ခိုက် နေကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ဒေသတွင်းမီဒီယာများ
#ရှမ်းမြောက် #မြောက်ပိုင်းသုံးဖွဲ့ #၁၀၂၇စစ်ဆင်ရေး #ကျောက်မဲမြို့နယ် #စစ်ကောင်စီလက်အောက်ခံများ #ဌာနဆိုင်ရာဆိုင်းဘုတ်များဖြုတ် #ပုန်းအောင်းနေ #Ayeyarwaddy_Times