ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့်Development Media Group (DMG)သတင်းဌာနရုံးခန်းကို ယမန်နေ့အောက်တိုဘာလ၂၉ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှဝင်ရောက်စီးနင်းခဲ့ပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးထားကာ ရုံးပိုင်းဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။

စစ်တွေမြို့ရှိ မောင်ရွှေလုံးလမ်းရှိ DMG သတင်းဌာနရုံးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် စသုံးလုံးအပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ၂၀ ဝန်းကျင်ခန့်မှ ကားသုံးစီးဖြင့် လာရောက်ကာ ညစောင့်ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ရုံးသုံးပစ္စည်းများဖြစ်သည့် ကင်မရာနှင့် ကွန်ပျူတာများကို သိမ်းဆည်း၍ ရုံးကိုချိတ်ပိတ်သွားခဲ့ကြောင်း သိရသည်။

” ရဲ၊စသုံးလုံးနဲ့ စစ်ကောင်စီတပ်အင်အား၂၀ ခန့်က ရုံးကိုလာပြီးတော့ ဝင်စီးသွားတယ်။ ညစောင့်ဝန်ထမ်းကောင်လေးကိုဖမ်းဆီးသွားတယ်။ ညစောင့်ဝန်ထမ်း အဖမ်းမခံရခင်က ရုံးကသတင်းထောက်တစ်ယောက်ကို ဝင်္ဂဘာကွင်းမှာ လုပ်တဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သတင်းယူတုန်းအဖမ်းခံရတာ။အဲ့ကနေနဆင့်ရုံးကိုလိုက်ပြခိုင်းပြီး ဝင်စီးသွားတယ်။ ရုံးပိုင် ကွန်ပျူတာလက်ပ်တော့တွေ ကင်မရာတွေအကုန် သိမ်းပြီး ရုံးကိုချိတ်ပိတ်သွားတယ်”ဟု DMG သတင်းဌာနရုံးနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဖမ်းဆီးခံရသည့် သတင်းထောက်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေပြီး အခြေအနေမသိရှိရကြောင်း အဆိုပါသတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ရုံးအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့မှုအပေါ် DMGသတင်းဌာနအနေဖြင့် မြန်မာ့ရေးရာ၊ နိုင်ငံတကာရေးရာ အပါအဝင် ရခိုင်ပြည်အရေး ကိစ္စများနှင့်ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘက်လိုက်မှုမရှိဘဲ ရေးသားတင်ပြနေသော အမှီအခိုကင်းသည့် သတင်းဌာနတစ်ခုဖြစ်၍ ယခုလုပ်ရပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း DMGသတင်းဌာနမှ ထုတ်ပြန်ထားသည်။

Development Media Group(DMG) သတင်းဌာန၏ အယ်ဒီတာချုပ်ကိုအောင်မင်းဦးကို သတင်းရဲတပ်ဖွဲ့(SB)မှ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) ဖြင့် ပြီးခဲ့သည့်၂၀၁၉ ခုနှစ်က အမှုဖွင့်လှစ်တရားစွဲဆိုထားသည်။

ထို့အပြင် တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် တစ်ဦးကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ကာ လက်ရှိအချိန်အထိ တရားစွဲဆိုထားဆဲဖြစ်ကြောင်း သိရသည်။

#ရခိုင်အခြေစိုက် #DMGသတင်းဌာနရုံး #စစ်ကောင်စီ #ဝင်ရောက်စီးနင်း #သတင်းထောက်တစ်ဦး #ညစောင့်ဝန်ထမ်းတစ်ဦး #ဖမ်းဆီးခံရ
#Ayeyarwaddy_Times