
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေတွင် အောက်တိုဘာလ ၂၈ ရက်နေ့က အမျိုးသားတစ်ဦးပင်လယ်ထဲ ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သီတင်းကျွတ်ကာလ လာရောက်လည်ပတ်သူ တက္ကသိုလ် ကျောင်းသားတစ်ဦး ကမ်းခြေတွင်ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
” ညနေ ၆နာရီခွဲလောက်မှာ Royal Family ဟိုတယ်ရှေ့မှာ ကောင်လေး ၂ ယောက်ရေဆင်းကူးရင်း ရေနစ်ကြတာ၊ တစ်ယောက်ကတော့ကယ်လို့
ရတယ် နောက်တစ်ယောက်ကတော့ လှိုင်းနဲ့ ပါသွားပြီးရှာမတွေ့တော့ဘူး။ ရန်ကုန်က တက္ကသိုလ်ကျောင်းသားတွေလို့ သိရတယ်”ဟု ဒေသခံတစ်ဦးမှ
ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ရေနစ်ပျောက်ဆုံးသွားသူမှာ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃၃၆)၊ (၈)လမ်း၊ (၁၁)ရပ်ကွက်နေ YIU ပထမနှစ်ကျောင်းသားအသက် (၂၁) အရွယ် မောင်ကြယ်စင်ခန့်ဆိုသူဖြစ်ပြီး ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရှိရသည်။
ရေနစ်ပျောက်ဆုံးသူ မောင်ကြယ်စင်ခန့်သည် သူငယ်ချင်းဖြစ်သူ မောင်မင်းခန့်ကျော် နှင့် ကမ်းခြေတွင်ရေဆင်းကူး ခဲ့ရာမှ ၂ဦးလုံး ရေနစ် မှုဖြစ်ပွားခဲ့ပြီး ကမ်းခြေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကယ်ဆယ်ရာတွင် မောင်မင်းခန့်ကျော်တစ်ဦးသာဆယ်ယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရသိရှိရသည်။
ချောင်းသာကမ်းခြေသို့ သိီတင်းကျွတ်ကာလ အတွင်း အနယ်အရပ်ရပ်မှလာရောက်လည်ပတ်သူများပြားလာသဖြင့် ယာဥ်မတော်မဆ ဖြစ်မှုနှင့်
ကမ်းခြေတွင် ရေနစ်ခြင်းများဖြစ်ပေါ်နိုင်တာကြောင့် သတိထားကြရန် ဒေသခံလူမှုကူညီရေးအဖွဲ့များမှ
အသိပေးပြောဆိုထားသည်။
#ချောင်းသာ #လူငယ်တစ်ဦး #တက္ကသိုလ်ကျောင်းသား #ရေနစ်ပျောက်ဆုံး #Ayeyarwaddy_Times