
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၂၉ ရက်)
အသံဟာ လှိုင်းတစ်ခုဖြစ်ပြီး တစ်နေရာကနေ တစ်နေရာကို ဖြစ်သန်းသွားနိုင်တယ်ဆိုတာ သိကြပြီးဖြစ်မှာပါ။ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်တိုက်လာနေတဲ့ လေထဲက အသံလှိုင်းတွေဟာ နားအပြင်ဘက် နားရွက်ကို ထိခတ်မိပါတယ်။ အဲ့သည်လို ထိမိပြီး အသံလှိုင်းတွေဟာ နားအပေါက်ပြွန်ခေါင်းကျဉ်းကျဉ်းလေးထဲ ဝင်ရောက်သွားပါတယ်။
နားပြွန်ခေါင်းပေါက်ရဲ့ အဆုံးသတ်အစွန်းမှာတော့ နားစည်ရှိပြီး တုန်ခါနေတဲ့ အသံလှိုင်း တွေကနားစည်ကိုပါ ရိုက်ခတ်တုန်ခါစေပါတယ်။ ကပ်လျက်ရှိတဲ့ နားအတွင်းက အရိုးငယ် သုံးခုကိုပါ တုန်ခါပြီးအသံကို ချိန်ညှိယူလိုက်ပါတယ်။ တုန်ခါမှုတွေက နားအတွင်းပိုင်းမှာရှိတဲ့ အရည်တွေပြည့်နေတဲ့ အင်္ဂါအစိတ်အပိုင်း Cochlea အထိ ကူးစက်ပါတယ်။
အဲ့ဒီ အသံလှိုင်း တွေကို လျှပ်စစ်အသွင် ပြောင်းလဲပြီး နားအတွင်းထဲမှာ ရှိတဲ့ အာရုံကြောတွေက ဦးနှောက်ကို သတင်းအချက်လက်ပေးပို့ သယ်ဆောင်ယူရပါတယ်။ ဦးနှောက်ရောက်ရင်တော့ ခွဲခြမ်းစိတ်ဖြာပြီး ကြားရတဲ့ အသံကို ဘာသာပြန်ပေးပါတယ်။
အသံတွေ အလွန်အမင်းကျယ်လောင်တဲ့အခါ၊ မနှစ်မြို့ဖွယ်အခြေအနေတစ်ရပ်ကို ဖြစ်စေတဲ့အခါ၊ အနှောက်အယှက်ဖြစ်စေတဲ့အခါမျိုးကြုံရတဲ့အခါ အဲ့ဒီ အသံမျိုးကို ဆူညံသံရယ် လို့ မှတ်ယူနိုင်ပါတယ်။ အကြားအာရုံအတွက် မလိုချင်တဲ့ အသံမှန်သမျှ၊ သာယာနာ ပျော်ဖွယ်မရှိတဲ့အသံမှန်သမျှ၊ ကျယ်လောင်လွန်းတဲ့အသံမှန်သမျှ အားလုံးဟာ ဆူညံသံ တွေပဲ ဖြစ်ပါတယ်။
လူတွေရဲ့ နားနဲ့ကြားနိုင်သော အသံတွေဟာ လှိုင်းကြိမ်နှုန်း (frequency range) 20 Hz(Hertz) မှ 20000 Hz အတွင်းမှာ တုန်ခါကြပါတယ်။ ခွေးတွေ၊ ကြောင်တွေ၊ လင်းနို့တွေ ကတော့ လူသားတွေထက် အကြားစွမ်းရည်သာလွန်ကောင်းမွန်ကြပါတယ်။
အသက်အရွယ်ရှိကြီးရင့်လာတာနဲ့အမျှ နားအတွင်းထဲမှာရှိတဲ့ အရိုးလေးတွေ ပူးကပ်မှုကြောင့် ကြားနိုင်စွမ်းတွေလည်း လျော့နည်းသွားတတ်ကြပါတယ်။
အသံပြင်းအားအရ ဆိုလျှင် ကျွန်တော်တို့ နားတွေဟာ သုညမှ 180 dB (decibels ) အထိ အသံများကို ကြားနိုင်စွမ်းရှိပါတယ်။ ပြင်းအားများတဲ့အသံတွေဖြစ်တဲ့ dB တန်ဖိုးမြင့် အသံဖြစ်လေလေ ကျယ်လောင်ဆူညံခြင်းဒဏ်က နားကို ဒုက္ခပေးလေလေ ဖြစ်ပါတယ်။
အသံပြင်းအား 120 dB အထက် နားထောင်ပါက နားအတွက်အန္တရာယ်ရှိပါတယ်။ အသံပြင်းအား 70 dB အထက်ကို ဆူညံသံဆိုပြီး သတ်မှတ်နိုင်ပါတယ်။ 70 dB အထက်အသံတွေကို အကြာကြီး နားမထောင်သင့်ပါဘူး။
#နားစည်ကွဲခြင်း(Tympanic membrane rupture)
ပြင်းအားများတဲ့ ဆူညံသံတွေကြောင့် သာမကဘဲ နားအတွင်းကို နားကြပ်တောင်ထိုးခြင်း၊ နားဖာကလော်ဖြင့်ထိုးခြင်း၊ နားလှိုင်ခေါင်းအတွင်းပိုးဝင်ခြင်းတို့ကြောင့်လည်း နားစည် ကွဲခြင်းဖြစ်နိုင်ပါတယ်။ နားစည်ကွဲပါက နားစည်ပြန်ချုပ်ပြီး ခွဲစိတ်ကုသတဲ့ နည်းလမ်း အပြင် အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးလို ဆေးဝါးတွေပြီး ပေးကုသခြင်းတွေ နဲ့လည်း ကုသနိုင်ပါတယ်။ နားအတွင်းမှာ ကိုက်ခဲနေနရင်တော့ နားနှာခေါင်းလည်ချောင်း အထူးကု ဆရာဝန်တွေနဲ့ ကုသရမှာဖြစ်ပါတယ်။
လူတွေအားလုံး ဆူညံသံတွေကြောင့် နားငြီးဖူးကြပါမယ်။ မော်တာရေစက်သံ၊ ကားသံ၊ ဆိုက်ကယ်သံ၊ အင်ဂျင်သံ၊ လေယာဉ်သံ၊ ရထားသံ၊ ကားဝပ်ရှော့ခ်သံ၊ စက်ရုံ အလုပ်ရုံတွေကနေထွက်တဲ့အသံ စတာတွေအပြင် နောက်ထပ်အသံပေါင်းများစွာကြောင့် နားငြီးဖူး ကြပါမယ်။
အဲ့ဒီ အသံပလံတွေက လူတွေရဲ့ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ပွင့်လင်း ရာသီရောက်ရင် လော်စပီကာတွေနဲ့ ပတ်ဝန်းကျင်မှာ ဆူညံသံတွေကို ဖွင့်တာကို လူတွေအားလုံးက စိတ်ပျက်ကြမှာ အမှန်ပါပဲ။
ဆူဆူညံညံအသံတွေနဲ့ ထိတွေ့ရတဲ့အခါ ကျန်းမာရေးအပေါ်သက်ရောက်မှုတွေ အများကြီး ဖြစ်ပေါ်လာတတ်ပါတယ်။ ဆိုးဆိုးရွားရွားရွားဆူညံသံတွေကို အချိန်ကာလ ကြာရှည် ထိတွေ့မိပါက နားကန်းသွားတဲ့ အထိ ကြုံရနိုင်ပါတယ်။
ဆူညံသံတွေကြောင့် အကြားအာရုံချို့တဲ့ခြင်း၊ သွေးပေါင်ချိန်တိုးခြင်း၊ နှလုံး ရောဂါဖြစ်လာခြင်း၊ အိပ်ရေးပျက်ခြင်း၊ အိပ်ရခက်ခြင်း၊ ထိခိုက်ဒဏ်ရာများပိုဖြစ် လွယ်ခြင်း၊ ကျောင်းစာမလိုက်နိုင်ခြင်းတွေလို ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။
ဆူညံသံအချိန်ကြာကြာ နားထောင်မိခဲ့ရင် စိတ်ဖိစီးလာပြီး နှလုံးခုန်မြန်လာတာ၊ အသက်ရှူမြန်လာတာတွေကို ခံစားရပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း စိတ်အလိုမကျတာတွေ စိတ်ဓါတ်ကျတာတွေ စိတ်သောကရောက်ရတာတွေနဲ့ စိတ်ပြဿနာတွေကို ခံစား ရနိုင်ပါတယ်။
#လေယာဉ်ဗုံးကြဲခြင်း၊ပစ်ခတ်ခြင်းကြောင့်ကြုံနေရတဲ့စိတ်ဒဏ်ရာ
အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူလူထုနေထိုင်ရာ ရွာတွေ၊ မြို့တွေကို ပစ်မှတ် ထားပြီး လေယာဉ်နဲ့ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းစတဲ့ လူမဆန်တဲ့ စစ်ရာဇ ဝတ်မှုတွေကို ကျုးလွန်နေပြီး လက်ရှိအချိန်ထိလည်း ကျူးလွန်ဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးငယ်အသွယ်သွယ်ကြောင့် ပြည်သူတွေ အများအပြားသေဆုံးရသလို မြို့ရွာတွေလည်း ပြာပုံဖြစ်ခဲ့ရပါတယ်။ ရှင်သန်နေရစ်တဲ့ သူတွေလည်း စစ်ရှောင်စခန်းတွေမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ဆင်းရဲပင်ပန်းမှု များစွာကို ကြုံတွေ့ ခံစားနေရပါတယ်။
လက်နက်ကြီး အနီးကပ် ပေါက်ကွဲမှုတွေကြောင့် အသက်သေဆုံးခဲ့ရသူတွေ၊ ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ရသူတွေ၊ မျက်စိအမြင် နားအကြား ဆုံးရှုံးခဲ့ရသူတွေဟာ များပြားလှ ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ အကြမ်းဖက်ဆိုတဲ့ နာမည်အတိုင်း စစ်ဘေးရှောင်စခန်း တွေကိုပင်လျင် ချန်ထားခြင်းမရှိဘဲ စစ်ရာဇဝတ်မှုတွေ အဆုံးစွန် ကျူးလွန်နေတာကြောင့် စိတ်အေးချမ်းသာစွာ အိပ်စက်ရဖို့ဆိုတာ အာမခံချက်မရှိပါဘူး။
စစ်မီးတောက်လောင်နေတဲ့ နေရာတွေမှာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ကာကွယ်ဖို့ ပြည်သူတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေပါ မကျန် ဗုံးခိုကျင်းတွေမှာ ခိုအောင်းပြီး အသက်ရှင်ဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။
ဗုံးခိုကျင်းတွေဟာ လက်နက်ကြီးတွေရန်ကနေ ထိခိုက်ခြင်းကို အတန်အသင့် ကာကွယ် ပေးနိုင်ပေမယ့် ကျယ်ကျယ်လောင်လောင် ပေါက်ကွဲဆူညံနေတဲ့ လက်နက်ပေါက်ကွဲသံ တွေကိုတော့ မကာကွယ်နိုင်ပါဘူး။ အဲ့သည်လို ဆူညံသံတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရခြင်းကို သက်ရောက်စေပြီး စစ်ဘေးသင့်ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ကြုံတွေ့ ခံစားနေကြရတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ အသက်ရှင်နေရပေမယ့် ညစဉ်အိပ်မပျော်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်သောက ရောက်ရခြင်းတွေကို လက်တွေ့ ခံစားနေရပါတယ်။
သည်လိုဆိုးရွားတဲ့ အသံကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း အများ ပြည်သူများ ဂရုပြုစာနာစေလိုပါတယ်။ မဝေးတော့တဲ့အခြေအနေမှာ ပဋိပက္ခတွေ ကုန်ဆုံးပြီး ပြန်လည်ကျန်းမာတဲ့ လူမှုအဖွဲ့အစည်းကိုရရှိဖို့ ဆုတောင်းလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ လေဖြတ်ခြင်းအကြောင်းကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်တာကြောင့် ဧရာဝတီတိုင်းမ်ရဲ့ ကျန်းမာရေးအသိပညာပေးကဏ္ဍကို စောင့်မျှော် ပေးကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဆူညံသံများနှင့်ကျန်းမာရေးဆိုင်ရာပြဿနာ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)