
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ရက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လာနေတာကြောင့် ဒေသခံ ၂၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အရပ်သား သေဆုံးမှုအချို့ရှိကြောင်း စစ်ဘေးရှောင် နေရသူများ ထံက သိရသည်။
တိုက်ပွဲများသည် အောက်တိုဘာ ပထမပတ်ကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေတွင် စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး (စရဖရုံး) နှင့် ရဲသတင်းတပ်ဖွဲ့ရုံးများကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
“တိုက်ပွဲတွေကတော့ အောက်တိုဘာ ပထမပတ် ကတည်းက ဖြစ်နေတာ။ ကော့ကရိတ်မြို့ အနီးအနားတွေမှာပဲ။ အခုဖြစ်တာကတော့ မြို့ပေါ်ရပ်ကွက် တွေမှာဖြစ်နေတာဆိုတော့ သူတို့နှစ်ဖက်တင် ထိခိုက်သေဆုံးတာ မဟုတ်ဘူး။ ဒေသခံ အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်” ဟု တိုက်ပွဲကြောင့် ထွက်ပြေး နေရသည့်အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ် နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ နှစ်ဖက်တိုက်ပွဲသည် အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က တောင်ပေါ် ဘုန်းကြီးကျောင်းပေါ်မှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတာတွေပြုလုပ်နေတယ်။ တိုက်ပွဲ ဖြစ်တော့ မြို့ပေါ်မှာရှိတဲ့ဒေသခံတွေက တွေ့တဲ့နေရာတွေကို ထွက်ပြေးတိမ်း ရှောင် နေကြရတာ။ အမှတ် (၃) ရပ်ကွက် အမှတ် (၇)ရပ်ကွက်ဘက်ကိုတော့ စစ်ကောင်စီ တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ် တာတွေပြုလုပ်နေတယ်။ စစ်ဘေးရှောင် နေရတဲ့ပြည်သူတွေကို ဓားစာခံအဖြစ် အသုံးပြုပုံရတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကော့ကရိတ် တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင် သုံး ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိကာ တိုက်ပွဲ အတွင်း ဒေသခံ အရပ်သား နှစ်ဦးလည်း သေဆုံခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်များ ထံက သိရသည်။
“ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေအတွက် စိုးရိမ်ရတယ်။ ထိခိုက်မှုတွေ ရှိလာတာနဲ့ အမျှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ရှိလာနိုင်တယ်။ ဘေးလွတ်ရာကို ရောက်အောင် ရှောင်ရှားနေထိုင်ကြဖို့ သတိပေးလိုတယ်” ဟု မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။
ဓာတ်ပုံ- ပေးပို့
ပုံစာ-စစ်ကောင်စီတပ်မှသိမ်းဆည်းရမိသောလက်နက်များနှင့်ကျဆုံးတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့
#ကော့ကရိတ်မြို့နယ် #စစ်ကောင်စီတပ် #တိုက်ပွဲပြင်းထန် #ဒေသခံ၂၀၀ကျော် #ဘေးလွတ်ရာထွက်ပြေး #Ayeyarwaddy_Times