ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ကုန်စည်ပို့ဆောင်ရေးအတွက် ကုန်တင်ယာဉ် သွားလာခွင့်ကို မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့နယ်ကျော်အထိ သာသွားခွင့်ပြုကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ ထံက သိရသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်-MNDAA ၊ တအောင်းတပ်-TNLA နှင့် ရက္ခိုင့်တပ်တော်-AA တို့သည် Operation – 1027 ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မှစတင်၍ ဆင်နွှဲနေပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်လျက်ရှိသည်။

“ရန်ကုန်ကနေ ကုန်တွေမထွက်ရသေးဘူး။ ဟိုဘက်မှာပိတ်ထားတာဆိုတော့ သွားလို့ မရသေးဘူး။ ပြင်ဦးလွင်ကျော် အထိပဲ ကုန်ပို့လို့ရမယ်” ဟု ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်တစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မန္တလေးမြို့မှ လားရှိုးအထိ ခရီးသည်တင်ယာဉ်များသွားနိုင်ပြီး လားရှိုးမှ ဒေသခံများက စစ်ဘေးရှောင်ရန် မန္တလေးဘက်သို့သွားလာမှုများရှိကြောင်း ကုန်တင် ယာဉ်မောင်းများထံက သိရသည်။

မြန်မာ-တရုတ် နယ်စပ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ပြည်တွင်းမှ တရုတ် နယ်စပ်ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား (TBP) ဖြင့် တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ရန်စောင့်ဆိုင်းနေသူများ ပိတ်မိနိုင်ကြောင်း ကုန်တင် ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ် သတင်းဌာနကိုပြောကြားသည်။

ရှမ်းမြောက်တွင် စစ်ဆင်ရေး ဆင်နွဲနေသဖြင့် လားရှိုးမှ မူဆယ်လမ်းပိုင်း၊ လားရှိုးမှ ချင်းရွှေဟော် လမ်းပိုင်း တစ်လျှောက် ပြည်ထောင်စုလမ်းမကြီးကိုပိတ်ထားပြီး တိုက်ပွဲများဖြစ်ပွာနေခြင်းဖြစ်၍မည်သည့်ယာဉ်တန်းမှ မည်သည့် အကြောင်း ပြချက်နှင့်မှ ဖြတ်သန်းသွား လာခွင့်ပြုမည်မဟုတ်ကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်ရေး ကော်မတီက အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက ထုတ်ပြန် အသိပေးထားသည်။

အရေးပေါ်ပိတ်ထားသောကာလအတွင်း ပြည်ထောင်စုလမ်းမကြီး အပေါ် ဖြတ်သန်း သွားလာပါက စစ်ကောင်စီ၏သယ်ယူပို့ဆောင်ရေးယာဉ်တန်း အဖြစ်မှတ်ယူပြီး ပြင်းထန် စွာတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး အဆိုပါလမ်းမကြီးပြန်ဖွင့်မည့်ရက်စွဲကို အကြောင်း ကြားမည်ဖြစ်ကြောင်း MNDAA က ဆိုထားသည်။

ဓာတ်ပုံ -လားရှိုး-မူဆယ်လမ်းမကြီး

#ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများ #ကုန်တင်ယာဉ်များ #ပြင်ဦးလွင်အကျော်
#သွားလာခွင့်ရ #Ayeyarwaddy_Times