
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖော်ဆောင်မှုများနှင့်အတူ အလယ်ပိုင်းဒေသဖြစ်သည် မြင်းခြံမြို့နှင့် တောင်သာမြို့ကြားရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စစ်ရေးဖော်ဆောင်မှုတစ်ရပ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီကျော်တွင် တော်လှန်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးကြောင့် နောက်ကျ၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
“မြင်းခြံ နဲ့ တောင်သာကြားက စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်နိုင်တဲ့အပြင် တောင်သာဘက်ကနေ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ကား လေးစီးကိုပါမိုင်းဆွဲ တိုက်ခိုက်မှုတွေပြုလုပ်နိုင်ခဲ့တယ်။ စစ်ကောင်စီဂိတ်စခန်းက စစ်ကောင်စီတပ်သား ၂၀ ကျော်သေတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း (၄) Natogyi People Defence Force တပ်ဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ပွဲ ဖော်ဆောင်မှု့အား မြင်းခြံခရိုင် တပ်ရင်း(၃) မြေလတ် PDF၊ မြင်းခြံ ခရိုင်တပ်ရင်း (၈)၊ မြင်းခြံခရိုင်တပ်ရင်း (၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၄)၊ မိတ္ထီလာတပ်ရင်း (၂)၊ မိတ္ထီလာ ခရိုင်တပ်ရင်း(၃)၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မောင်းသူမဲ့ ဒရုန်းအသုံးပြုခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းတို့ကိုပါ ပြုလုပ်၍ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။
ဓာတ်ပုံ-နွားထိုးကြီးPDF
#ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲ #အလယ်ပိုင်းဒေသစစ်ရေးဖော်ဆောင်မှု #စစ်ကောင်စီတပ်ဖွဲ့ဝင် #၂၀ကျော်သေဆုံး #Ayeyarwaddy_Times