ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ မဲဇလီကုန်းမြို့ အမှတ်(၃)ရပ်ကွက်တွင် လေဖြတ်ထားသည့် အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာသို့ အကြောင်းမကြားပဲ အလောင်းဖျောက်ဖျက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

မဲဇလီကုန်းမြို့ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် လေဖြတ်ရောဂါသည် အသက်၆၅ နှစ်အရွယ်ရှိ ဒေါ်ဌေးမြင့် ဆိုသူမှာ နေအိမ်၌ တစ်ဦးတည်းရှိ နေစဉ် စက်တင်ဘာလ ၂၁ရက်နေ့က ပျောက်ဆုံးခဲ့ပြီး နောက်တစ်ရက်အကြာ စက်တင်ဘာလ၂၂ ရက် ညနေ ၆နာရီ အချိန်တွင် ရွာထိပ် ရေတွင်းထဲတွင် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“သေသွားတဲ့အဒေါ်ကြီးက လေဖြတ်နေတာ ဘယ်မှသွားမရဘူး အိမ်မှာပဲအမြဲရှိတယ်။ ပျောက်သွားပြီး တစ်ရက်အကြာမှာတော့ အဒေါ်ကြီးအလောင်းကို ရွာထိပ်က ရေတွင်းထဲမှာ တွေ့ခဲ့ရတယ် ။ပုံစံက လက်အုပ်ချီ ဒူးထောက်အနေအထား နဲ့ကိုတွေ့ရတာပါ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်ကို အုပ်ချုပ်ရေးမှူးထံ ရပ်ကွက်သူ ရပ်ကွက်သားများက အကြောင်း​ကြားရန် ကြိုးစားခဲ့သော်လည်း ရာအိမ်မှူးဦးဌေးကြည်က တားမြစ်ခဲ့သည့်အတွက် အကြောင်းမကြားပဲ နေခဲ့ရပြီး စက်တင်ဘာ ၂၃ရက်နေ့မနက်တွင် ရာအိမ်မှူးနှင့် အပေါင်းအပါ ခြောက်ဦးက အလောင်းကိုဆယ်ယူပြီး ရွာအပြင်သုဿန်သို့ သယ်ဆောင်၍ မီးသဂြိုလ်ခဲ့ကြောင်း ရပ်ကွက်ဒေသခံများထံက သိရှိရသည်။

” အလောင်းကို သက်ဆိုင်ရာက လာယူမယ်လို့ ပြောပြီးတော့ ရဲကိုလည်း အကြောင်းမကြားဘူး။ မနက်အစောကြီး အလောင်းသွားဆယ်ပြီးတော့ ရွာထိပ်က သုဿာန်မှာ ကိုယ့်သဘောနဲ့ကိုယ် မီးသဂြိုလ်လိုက်တယ်။ ရွာထဲကလူတွေကို လက်မှတ်အတင်းထိုးခိုင်းပြီးတော့ မသိသလိုနေခိုင်းတာ။ ပြောတဲ့သူကို ရဲ​ခေါ်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ခံရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

သေဆုံးသူ ဒေါ်ဌေးမြင့်ပိုင်ဆိုင်သည့် အိမ်နှင့်ခြံကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက အိမ်နီးနားချင်းဖြစ်သူတို့မှ ငွေကျပ် ၂၅ သိန်းဖြင့် အကြွေးဝယ်ယူခဲ့ပြီးနောက် နှစ် နှစ်ကြာ အရစ်ကျ အကြွေးဆပ်ရာမှ မပေးချင်တော့သည့်အတွက် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိကြောင်းသိရသည်။

”အဒေါ်ကြီးပိုင်တဲ့ အိမ်နဲ့ခြံကို ငွေ ၂၅သိန်းနဲ့ အတင်းဝယ်တာ။ ဝယ်တဲ့သူက အိမ်အနားချင်းလင်မယား။အိမ်နဲ့ခြံကကျယ်တာလည်းပါတယ်။ ၂၅သိန်းဆိုတာ တော်တော်လေးကိုနည်းတယ်။ တကယ်ဆိုရင် သိန်း၈၀ လောက်ရှိမယ်။ ဝယ်ပြီးတော့နှစ်နှစ် အတွင်း ငါးသောင်းပေး တစ်သိန်းပေး ပေးတယ်။ တစ်ခါတစ်လေ သုံးသောင်းပေးနဲ့ အိမ်အကြွေးဆပ်တာပေါ့။ ကြာတော့မပေးနိုင်တာလား။ မပေးချင်တော့တာလားမသိဘူး။ အကြွေးမပေးတော့ဘူးဆိုပြီး ရပ်လိုက်တာတစ်လရှိပြီ။ အဲ့အချိန်မှာ အဒေါ်ကြီးပျောက်ပြီးတော့ဆုံးသွားတယ်။ အလောင်းဖျောက်လုပ်ကြံတာ အားလုံးကသံသယ ရှိနေကြတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် သေဆုံးသူပိုင်ဆိုင်ခဲ့သည့် နေအိမ်အတွင်းရှိ အိမ်တွင်းပရိဘောဂများကို ရွာဦးဘုန်းကြီးကျောင်းသို့ ပို့ဆောင်လှူဒါန်းခဲ့ပြီး သူမပိုင်ဆိုင်သည့်ငွေ ကျပ် ၃၁သိန်းကျော်နှင့် နားကပ်တစ်ရံ(ကာလတန်ဖိုး ၂သိန်းခွဲ ကျပ်) စုစုပေါင်း ၃၃သိန်းခွဲကျပ်ကို နီးစပ်ရာဆွေမျိုးများထံ ပြန်လည်ပေးအပ်ခြင်းမရှိပဲ ရာအိမ်မှူးမှ သိမ်းဆည်းကာ ကိုယ်အကျိုးအတွက် အသုံးပြုခဲ့ပြီး မိသားစုဝင်များကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံက သိရသည်။

#ဧရာဝတီတိုင်း #မဲဇလီကုန်းမြို့ #လေဖြတ် #အအမျိုးသမီး #အသတ်ခံရ #သက်ဆိုင်ရာ #အကြောင်းမကြားပဲ #အလောင်းကိုမီးရှို့ခဲ့ဟုဆို
#Ayeyarwaddy_Times