ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားသည့် ချင်းရွှေဟော်တိုက်ပွဲတွင် စစ်ကောင်စီက လေထီးဖြင့် ချပေးသည့် စစ်ကောင်စီတပ်အင်အား ၈၀ ခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ဗမာ့ပြည်သူ့ လွတ်မြောက်ရေး တပ်တော် (BPLA) နှင့် မဟာမိတ်တပ်ဖွဲ့များ (MNDAA၊ TNLA၊ AA) ထိန်းချုပ်ရာ နယ်မြေတွင် စစ်ကောင်စီ၏ တပ်မ-၃၃ လက်အောက်ခံတပ်ရင်း၊ ခမရ-၁၃ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း BPLA ထံက သိရသည်။

“တိုက်ပွဲထဲမှာ စစ်ကောင်စီတပ်သားတွေက အထိနာလာတာနဲ့ ရွာထဲမှာရှိတဲ့ ပြည်သူတွေကို ဓားစာခံလုပ်ပြီး အိမ်တွေမှာ ၀င်ပုန်းတဲ့အတွက်ကြောင့် မဟာမိတ်တပ်တွေ က တစ်အိမ်ချင်း ခက်ခဲစွာ၀င်ရှာပြီး ရှင်းလင်းရေး လုပ်ခဲ့ရတယ်” ဟု BPLA အဖွဲ့က ‌ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအ၀င် စစ်သုံ့ပန်းနှစ်ဦးကို အရှင်ဖမ်းဆီးရမိပြီး လက်နက်ကြီး အပါအ၀င် လက်နက်မျိုးစုံ ၅၀ နီးပါး၊ ကျည်မျိုးစုံ ၂၀၀ ကျော်နှင့် စစ်အသုံး ဆောင်ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရရှိ ခဲ့ကာ BPLA မှ ရဲဘော် လေး ဦး တိုက်ပွဲတွင် ကျဆုံး ခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်တွင် “Operation 1027” အမည်ဖြင့် တော်လှန်ရေးဆင်နွှဲနေသည့် မဟာမိတ်တပ်ဖွဲ့၀င်များသည် စစ်ကောင်စီတပ်စခန်း ၅၇ ခုကို နှစ်ရက်အတွင်း သိမ်းပိုက် နိုင်ခဲ့ပြီး နောင်ချို၊ သန္နီ၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်စခန်းနှင့် ရဲစခန်း‌အားများလုံးကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-BPLA
#ရှမ်းမြောက်ချင်းရွှေဟော် #BPLA #မဟာမိတ်တပ် #စစ်ကောင်စီတပ်မ၃၃ #ခမရ၁၃ #၇၀ကျော်သေဆုံး #Ayeyarwaddy_Times