
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ အောက်တိုဘာလ ၂၉ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ နဘုလယ်ဒေသတွင် စစ်ကောင်စီ ယာဥ်တန်း ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးကာ ၁၀ ဦးခန့် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက် ည ၉နာရီ၃၀မိနစ်ခန့်က ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ရန်ကင်းကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်များက ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများအပြင် စစ်ကား တစ်စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“သူတို့ (စစ်ကောင်စီတပ်) က ညဘက်ကြီး ချက်ချင်းပြန်ထွက်လာနေပြီဆိုတာ သတင်း ကြိုရ ထားတယ်။ သူတို့က နေ့ဖက်ဆို အပြင်ကိုသိပ်မထွက်ရဲကြဘူးလေ။ ဒါကြောင့် ညဘက်မီးပိတ်ပြီး စစ်ကောင်စီတပ်က ပြန်ထွက်တဲ့အချိန်မှာ အဲဒီယာဥ်တန်းကို အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီ တပ်သားတွေတင်ဆောင် လာတဲ့ မြေတင်ကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားတယ်။ စစ်ကောင်စီတပ်က ထိခိုက် သေဆုံးမှုတွေလည်းများပြားတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယခု အောက်တိုဘာ တတိယပတ်မှ စတင်၍ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်ကြသည့် မူးဒူးရွာတွင် နေအိမ် ၂၀ လုံး၊ လဲရှောင်ရွာ နှင့် ပရဒတ်ရွာတွင် နေအိမ် ခြောက်လုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ဇင်ယော်တပ်ဖွဲ့ (ရေဖြူ – ပကဖ)၊ ဝေဟင်တပ်ဖွဲ့ (ရေဖြူ – ပကဖ)၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ ၊ YPPDF (ရေဖြူ)နှင့် DDT တပ်ခွဲ (၃) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် ထိခိုက်မှုမရှိ ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်း။
#ရေဖြူမြို့နယ် #နဘုလယ်ဒေသ #ဒေသခံနေအိမ်များ #မီးရှို့ဖျက်ဆီး စစ်ကောင်စီယာဥ်တန်း #ကြားဖြတ်တိုက်ခိုက် #စစ်ကောင်စီတပ်သား၆ဦးသေ #Ayeyarwaddy_Times