ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာလ ၂၉ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင်တွင် ရှေ့တန်းတပ်စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့များ နယ်မြေကျွံလာသည့်အတွက် ယမန်နေ့ အောက်တိုဘာ၂၈ရက်နေ့ ညနေ ၄ နာရီခန့်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦသေဆုံး၍ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ သည် အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းခြင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းများဆက် လက်ပြုလုပ်နေကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဘက်က ပွဲချင်းပြီး တစ်ယောက်သေတယ်။ နောက်တစ်ယောက် ကတော့ ညဘက်တပ်ဆေးရုံမှာ ဆေးကုသရင်းသေတယ်။ ကျွန်တော်တို့နေရာယူထားတဲ့ ခရိုင်ရုံးရဲ့ အပေါ်ဘက်မှာ သူတို့တပ်စွဲချင်လို့ ထင်တယ်။ အရင်ကလည်း အဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားသေးတယ်။ မီးသတ်ရုံးဘက်ကို တက်လာတဲ့အချိန်မှာ လက်ဦးမှုရယူပြီး ပစ်လိုက်တာ” ဟု တပ်ရင်း-၂ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မတူပီခရိုင်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှု များသည် ယခင်လှုပ်ရှားမှုထက် တမူထူးခြားလာသည့်အတွက် ဟားခါး-မတူပီလမ်းပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား လာနိုင်သည်ဟု တပ်ရင်း-၂ တာဝန်ခံက ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ သည် စစ်ရေးအရအလွန်အရေးပါသော ဟားခါး-မတူပီလမ်းတွင် တပ်စခန်းချပြီး စစ်ကောင်စီတပ်နှင့် အနီးကပ်ဆုံး တပ်ရင်း ဖြစ်သည့်အတွက် မကြာခဏတိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ တွင် အထူးလိုအပ်နေသော လက်နက် ပိုင်းဆိုင်ရာ ဖြည့်တင်း နိုင်ရေးအတွက် M-4 နှစ် လက်ဝယ်ယူနိုင်ရန် ရန်ပုံငွေရှာဖွေရေးကို Future Hope Foundation က ဦးဆောင်၍ပြုလုပ်နေပြီး ဝယ်ယူပေးကြရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- တပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂
ပုံစာ- တပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ရဲဘော်များ
#မတူပီ #နယ်မြေကျွံစစ်ကောင်စီတပ် #ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ #တိုက်ခိုက် #၂ဦးသေဆုံး #Ayeyarwaddy_Times