ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

အာဏာသိမ်း စစ်ကောင်စီသည် သီတင်းကျွတ်ပွဲတော် စည်ကားစေရန် ကြိုးပမ်းလုပ်ဆောင်နေပြီး အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်၊ မန္တလေးအပါအဝင် တိုက်ပွဲများဖြစ်ပွားလေ့ရှိသည့် မြို့နယ်များတွင်ပါ ဥပဒေပုဒ်မ ၁၄၄ အရထုတ်ပြန်ခဲ့သည့်ညမထွက်ရအမိန့်များကို ဖြေလျော့နေ ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံရှိ မြို့နယ်အများစုတွင် အချိန်ကန့်သတ်ထားသည့် ညမထွက်ရ ဒေသန္တရအမိန့်များကို ချမှတ်ထားပြီး ယခုအခါ သီတင်းကျွတ်ပွဲတော် စည်ကားစွာကျင်းပနေကြောင်း ပြသနိုင်ရန်ရည်ရွယ်ကာ နေပြည်တော်၊ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကသာ စသည့် မြို့များအပြင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိသည့် သထုံမြို့နယ်ကိုပါ ညမထွက်ရအမိန့် ဖြေလျော့ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက သတင်းကျွတ်ပွဲတော်မို့လို့ ညမထွက်ရအမိန့်ကို ဖြေလျော့ပေးတာပဲရှိတယ်။ စစ်ဆေးမှုတွေကတော့ ပုံမှန်ထက် ပိုကျပ်တယ်။ ဆိုင်ကယ်ဘောက်လှန်တာတို့၊ ဖုန်းစစ်တာတို့၊ ခန္ဓာကိုယ်စစ်တာတို့ကအစ စစ်တယ်။ စစ်တာကလည်း သူတို့နယ်မြေသတ်မှတ်ထားတဲ့နေရာဆိုရင် ဓာတ်မီးတိုင် လေး၊ငါးတိုင်လောက်တစ်ခါကို စစ်တယ်။ သထုံကစစ်တပ်အုပ်ချုပ်နေတဲ့ မြို့လိုဖြစ်တော့ သီတင်းကျွတ်ပွဲကို သူတို့ထိန်းသိမ်းနိုင်တယ့်သဘောကို ပြချင်တာလည်းပါတယ်။” ဟု သထုံမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မတ္တရာမြို့နယ် လေးခုမှအပ ကျန်မြို့နယ်အားလုံးအား ညမထွက်ရအမိန့်ရုပ်သိမ်းခဲ့ပြီး ရန်ကုန်မြို့တွင် မနက် ၁ နာရီမှ ၃ နာရီဟု ဖြေလျော့ခဲ့ပြီး ကျန်မြို့နယ်များတွင်လည်း ည ၁၂ နာရီမှ ၄ နာရီအတွင်း ညမထွက်ရအမိန့် သတ်မှတ်ကာ ဖြေလျော့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက သီတင်းကျွတ်ပွဲေတာ်အတွက် ထိုကဲ့သို့ ညမထွက်ရ အမိန့်အား ဖြေလျော့မှုများပြုလုပ်နေသော်လည်း ရှမ်းပြည်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်များတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီစစ်စခန်းအများအပြားကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ -အင်တာနက်

#ညမထွက်ရ #တိုက်ပွဲဒေသ #ပုဒ်မ၁၄၄ #စစ်ကောင်စီ #သီတင်းကျွတ်ပွဲတော် #Ayeyarwaddy_Times