ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်တွင် PDF သင်တန်းဆင်းပြီး စစ်ကောင်စီထံ အလင်း၀င်ခဲ့သူ လူငယ်တစ်ဦးကို ပြန်လည်ခေါ်ယူ စစ်ဆေးရာမှအောက်တ်ိုဘာလ နောက်ဆုံးပါတ်အတွင်းစစ်ကြောရေးတွင်သေဆုံးသွားကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရှိရသည်။

စစ်ကောင်စီထံအလင်းဝင်ပြီးနောက်ပိုင်း နေအိမ်အကျယ်ချုပ်ဖြင့်နေရစဥ် ခလရ ၃၆ ထဲကို ခေါ်ယူ စစ်ဆေးခံခဲ့ရပြီးနောက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ခုသေဆုံးသွားတဲ့လူငယ်က အလင်း၀င်ပြီး နေအိမ်အကျယ်ချုပ်နဲ့ နေနေရတာ၊ ခုရက်ပိုင်းမှ သူ့ကိုမန္တလေး PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ကျုံပျော်ခလရ ၃၆ က ခေါ်စစ်ရင်းနဲ့လက်လွန်သေဆုံးသွားတယ်လို့ အတွင်းကပေးတဲ့သတင်းအရသိရတယ်”ဟု ဧရာ၀တီတိုင်းအတွင်းလှုပ်ရှားနေသော တော်လှန်ရေး အဖွဲ့ တာ၀န်ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သေဆုံးသွားသူ အလင်း၀င်လူငယ်၏ အမည်နှင့်နေရပ်လိပ်စာများနှင့်ပါတ်သတ်ပြီး စစ်ကောင်စီ မှ သတင်းမပေါက်ကြားစေရန်လိုက်လံ ဖိအားပေးထားသောကြောင့် စုံစမ်းနိုင်ခြင်းမရှိပဲ သေဆုံးသူလူငယ်နှင့်အတူအလင်း၀င်ရောက်သည့် လူငယ်များကိုလည်းခေါ်ယူစစ်ဆေးခံခဲ့ရပြီး ယခုပြန်လည်လွှတ်မြောက်သွားပြီ ဖြစ်ကြောင်းသူကဆက်ပြောသည်။

ဧရာ၀တီတိုင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် အောက်တိုဘာလ ၅ ရက်နေ့က PDF သင်တန်းဆင်းလာသူ ၄ ဦး စစ်ကောင်စီထံအလင်း၀င်ကြောင်း အခမ်းအနားနှင့်ဝါဒဖြန့်မှုပြုလုပ်ခဲ့ပြီး တစ်ဦးလျှင် ၃သိန်းကျပ်ထောက်ပံခဲ့ကာ အကျယ်ချုပ်နှင့်ထားရှိပြီး ယခုပြန်လည်ခေါ်ယူ စစ်ဆေးရာမှသေဆုံးခဲ့ကြောင်းသိရှိရသည်။

စစ်ကောင်စီက စက်တင်ဘာလအတွင်း ဧရာ၀တီတိုင်းမြို့နယ်များမှ တော်လှန်ရေးအဖွဲ့များနှင့်ပတ်သတ်မှုရှိသူ လူငယ် ၃၀ နီးပါးကိုဖမ်းဆီးထားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ကြောရေးစခန်းနှင့် ရဲစခန်းများတွင် တစ်လကြာစစ်ဆေးခဲ့ပြီး ၄ ဦးကိုသာ အလင်း၀င်ပွဲပြုလုပ်ပေးခဲ့ခြင်းသာဖြစ်ကြောင်းစစ်ကောင်စီ နှင့်နီးစပ်သူများထံမှသိရှိရသည်။

#ကျုံပျော်မြို့ #PDF #အလင်းဝင် #စစ်ကောင်စီတပ် #သေဆုံး #Ayeyarwaddy_Times