ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ အလုပ်လုပ်ကိုင်၍ ပြန်လာသည့် လူငယ်အမျိုးသား ၁၀ ဦးထက်မနည်းကို PDF ထောက်ပံ့သည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ညောင်တုန်းမြို့နယ် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၊ရဲနှင့် လဝက အဖွဲ့မှ ယာဥ်စစ်ဆေးမှုများ ပြုလုပ်နေစဥ် ရန်ကုန်မှအလုပ်လုပ်ကိုင်၍ သီတင်းကျွတ်ပိတ်ရက် ပြန်လာသည့် လူငယ်အမျိုးသား ၁၀ ဦးကို PDF ထောက်ပို့သည်ဟု အကြောင်းပြ၍ ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံက သိရှိရသည်။

”ပန်တိုင်ဂိတ်မှာ ဘာသတင်းရလို့လဲမသိဘူး။ ပုသိမ်ကားကို ဖမ်းစစ်တာ လူငယ်လေးတွေ အဖမ်းခံလိုက်ရတယ်။၁၀ ယောက်လောက်ရှိတယ်။ ပုံတွေနဲ့ကြည့်ပြီး ဖမ်းတာလား မသိဘူး။ဂိတ်ထဲမှာအရင်ထိန်းထားတယ်” ဟုမျက်မြင်တွေ့ရှိခဲ့သည့် ခရီးသည်တင်ယာဥ်မောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းသို့ဖမ်းဆီးခံရသည့် လူငယ်များကို ညောင်တုန်းမြို့နယ် ရဲစခန်း၌ ထိန်းသိမ်းထားကာ စစ်ကြောရေး လုပ်ဆောင်နေပြီး အကြမ်းဖက်ပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်ထားကြောင်း ညောင်တုန်းမြို့နယ် ရဲစခန်းနှင့်နီးစပ်သူများထံကသိရသည်။

”ပန်းတိုင်ဂိတ်မှာကောင်လေး၁၀ ယောက်PDF ထောက်ပို့တယ်ဆိုပြီး နာမည်စာရင်းနဲ့ ဖမ်းတာအခုရဲစခန်းမှာ ချုပ်ထားတယ်။ ပုဒ်မ၅၂ (က)နဲ့အမှုဖွင့်ထားတယ်”ဟု ညောင်တုန်းမြို့နယ် ရဲစခန်းနှင့်နီးစပ်သည့် ရဲသတင်းရင်းမြစ်က ဆိုသည်။

ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယအပတ်ကစ၍ မြို့နယ်ရဲစခန်း၌ ရဲတပ်သား ၃၀ ဦးထက်မနည်းကို အသစ်ခေါ်ယူခဲ့ကာ ပန်တိုင်စစ်ဆေးရေးဂိတ်တွင်လည်း လဝက၊ စစ်ကောင်စီတပ်၊ ရဲနှင့်ထွေအုပ်ဝန်ထမ်းအချို့ကို အသစ်ပြောင်းလဲ၍ စစ်ဆေးရေးတင်းကြပ်ထားကြောင်း သိရသည်။

#ညောင်တုန်း #ပန်းတိုင်စစ်ဆေးရေး #လူငယ်၁၀ဦးထက်မနည်း #PDFထောက်ပံ့သည်ဟု #အကြောင်းပြ #ဖမ်းဆီး #Ayeyarwaddy_Times