
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည့် မူဆယ်မြို့နယ်၊ မုံးကိုးတပ်စခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း ၄ ခုကိုလည်း ယနေ့ တစ်ရက်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ချင်းရွှေဟော် စစ်နယ်မြေရှိ စစ်ကောင်စီ၏ သံချပ်ကာနှစ်စီးကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- ကိုးကန့် (MNDAA) ရဲဘော်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်-MNDAA ၊ တအောင်းတပ်-TNLA နှင့် ရခိုင့်တပ်တော်-AA တို့က ယမန်နေ့မှ စတင်၍ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို အပြင်းအထန် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ၁၀၂၇ စစ်ဆင်ရေး ပထမနေ့၌ပင် စစ်ကောင်စီ၏ စစ်ရေးအဓိကကျသော အကြီးအသေး တပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကာ စစ်သုံ့ပန်း ၁၀ ဦးကို ဖမ်းဆီးရမိ၍ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA က ဆိုသည်။
စစ်ဆင်ရေး၏ ဒုတိယနေ့ဖြစ်သည့် ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင် ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ ယမန်နေ့က ကျန်ရှိနေသော စစ်ကောင်စီ တပ်စခန်းအချို့အား နေ့လယ် ၂ နာရီဝန်းကျင်တွင် တစ်ခုမကျန် ရှင်းလင်းနိုင်ကာ တပ်စခန်းအားလုံး ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာချပေးသော စစ်အသုံးအဆောင်ပစ္စည်းနှင့် ရိက္ခာထုပ် (၁၀) ထုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – The Kokang
#ချင်းရွှေဟော်ကို #ထိန်းချုပ်ထား #စစ်ကောင်စီ #သံချပ်ကာနှစ်စီး #တိုက်ခိုက်ဖျက်ဆီး #တပ်စခန်း၄ခုကို #ထပ်မံသိမ်းပိုက်
#Ayeyarwaddy_Times