
ဧရာဝတိတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
ဧရာဝတီတိုင်း၊ ငွေဆောင်မြို့နယ်ခွဲရှိ ငွေဆောင်ကမ်းခြေတွင် သီတင်းကျွတ်မီးထွန်းပွဲတော် လုံခြုံရေးအကြောင်းပြ၍ ငွေဆောင်-သဇင်ချောင်းဝအနီးသို့ ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်ကစပြီး စစ်ကောင်စီရေတပ်မှ စစ်သင်္ဘောတစ်စီးဆိုက်ကပ်၍ ကင်းချထားကြောင်း ဒေသခံများထံက သိရသည်။
”သဇင်ချောင်းဝဘက် ပင်လယ်အဝမှာ ရေတပ်စစ်သင်္ဘောတစ်စီး လာဆိုက်ကပ်ထားတယ်။ သီတင်းကျွတ်မီးထွန်းပွဲ လုံခြုံရေးလာယူတာလို့ကြားတာပဲ။ ရေတပ်သင်္ဘောတွေတခါမှ အဲ့လိုလာတာမတွေ့ဖူးဘူး ”ဟု သဇင်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
ယင်းရေတပ်သင်္ဘောဆိုက်ကပ်မှုအပေါ် သတီတင်းကျွတ်နှင့်တန်ဆောင်တိုင်မီးထွန်းပွဲတော်အတွက် ရေကင်းချလုံခြုံရေးရယူရန် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)နှင့် ဟိုင်းကြီးကျွန်း ပမ္မဝတီရေတပ်ဌာနချုပ်တို့မှ ပြီးခဲ့သည့်အောက်တိုဘာလ၂၅ ရက်နေ့က အစည်းအဝေးခေါ်ယူ၍ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
”သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်မှာ ငွေဆောင်နဲ့သဇင်ကမ်းခြေတွေမှာ လူအရမ်းများတယ်။အဲဒီအတွက်ရေကင်းပုံစံနဲ့ ကင်းချစောင့်ကြည့်ခိုင်းတဲ့ သဘောပေါ့။ တခါမှတော့ ရေကင်းချတယ်ဆိုတာ မရှိဘူး။ အခုဆိုရင် ပုသိမ် နတခမှာ တပ်အင်အားနည်းသွားပြီ။ အဲဒါကြောင့် ရေတပ်တွေပါ အသုံးချလာတဲ့သဘော ပြောလို့ရတယ်”ဟု ပမ္မဝတီရေတပ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
ငွေဆောင်မြို့နယ်ရှိ ကမ်းခြေနေရာများတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များပြုလုပ်ရန် မြို့နယ်စစ်ကောင်စီနှင့် စစ်ကောင်စီအကျိုးတူ လုပ်ဆောင်နေသည့် ခရိုနီစီးပွားရေးလုပ်ရှင်များမှ ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ကစပြီး မြို့တွင်းရှိ လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ အတင်းအကျပ်စေခိုင်းမှုများ ရှိနေကြောင်း ဒေသခံလုပ်ငန်းရှင်ငယ်များထံက သိရသည်။
#ငွေဆောင် #သီတင်းကျွတ်ပွဲ #လုံခြုံရေးအကြောင်းပြ #ငွေဆောင်သဇင်ချောင်းဝအနီး #ရေတပ်မှစစ်သင်္ဘောဖြင့်ကင်းချ
#Ayeyarwaddy_Times