ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ မော်တင်စွန်း စေတီရင်ပြင်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ကုန်ကျစရိတ် အသုံးပြုရန် စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်းများ၏ လစာများထဲမှ လှူဒါန်းရမည်ဖြစ်ကြောင်း Non CDM ဝန်ထမ်းများထံက သိရသည်။

အဆိုပါ မော်တင်စွန်း စေတီရင်ပြင်တိုးချဲ့ခြင်းကို စစ်ကောင်စီခန့် ဧရာ၀တီတိုင်း ၀န်ကြီးချုပ် ဦးတင်မောင်၀င်း ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်မှ စတင်ကာ အလှူငွေများ ကောက်ခံ၍ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“၀န်ထမ်းတွေက လစာတိုးတာ သုံးသောင်းလောက်ပဲရှိတယ်၊ အခုလိုတွေပိုက်ဆံတွေ အတင်းလှူရမယ်ဆိုတော့ ဘယ်အစဥ်ပြေပါ့မလဲ။ ၀န်ထမ်းတွေကိုတော့ ပြီးခဲ့တဲ့လက စပြီးညွန်ကြားတယ်။ စေတနာရှိသလောက်ဆိုပေမယ့် မဖြစ်မနေထည့်ရမယ်ပြောတယ်။ ပြီတော့ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေဆီကလည်း ပိုက်‌ဆံခွဲတမ်းနဲ့ အတင်းလှူခိုင်းနေလို့ သူတို့လည်းစိတ်ညစ်နေကြတယ်” လို့ စစ်ကောင်စီလက်အောက်ခံ Non CDM ၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ လစာများထဲမှ လှူဒါန်းရမည်ကို ပြီးခဲ့သည့် စက်တင်ဘာလပိုင်းက ပြုလုပ်သည့်အစည်းအဝေးတွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးတင်မောင်းဝင်းက ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီလက်‌အောက်ခံ တိုင်းစည်ပင်ညွှန်ကြားရေမှူးက ၎င်း၏ စည်ပင်သာယာရေး ၀န်ထမ်းများကို မြို့နယ်အလိုက် စျေးဆိုင်းများတွင် လိုက်လံ၍ အလှူခံခိုင်းကာ ရရှိလာသည့်‌‌‌ငွေများကိုလည်း တိုင်းစစ်ကောင်စီထံ‌ ပေးသွင်းရမည်ဟု ညွှန်ကြားထားကြောင်း ပုသိမ်မြို့ Non CDM ဝန်ထမ်းက ဆက်လက်ပြောကြားသည်။

“တင်ဒါအောင်တဲ့ ကုမ္ပဏီတွေဆိုရင်လည်း ပိုက်ဆံအချိုးကြထည့်ရတယ်။ လုပ်ငန်တွေပြီးလို့ ရာခိုင်နှုန်းနဲ့ ငွေထုတ်ရင်တောင် အလှူငွေမထည့်ရင်ထုတ်မပေးဘူး၊ အလှူ‌ငွေထည့်ပြီးမှထုတ်ပေးတယ်။ NLD လက်ထက်ကတော့ ဘုရားပြင်တဲ့ကိစ္စတွေမှာ ဒါမျိုးခွဲတမ်းနဲ့ လှူရမယ်လို့ သီးသန့်ညွန်ကြားတာမျိုးမရှိပါဘူး” ဟု ကုမ္ပဏီ တင်ဒါအောင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

#ဧရာ၀တီတိုင်းဝန်ကြီးချုပ်တင်မောင်ဝင်း #မော်တင်စွန်း #ရင်ပြင်တိုးချဲ့မှု #၀န်ထမ်းများလစာ #လှူရမည်ညွှန်ကြား #Ayeyarwaddy_Times