ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်

ရန်ကုန်မြို့တွင် အခြေပြု၍ အဆင့်မြင့်ကွန်ဒိုများတွင် ရုံးခန်းများငှားရမ်းကာ ပြည်ပနိုင်ငံ သားများကို အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်နေသူ ၉၅ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး တစ်ဦး ထွက်ပြေးတိမ်ရှောင်သွားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။

အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သူများသည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာရှိ Supportfix ကုမ္ပဏီ၊ အင်းစိန်မြို့နယ်ရှိ Spring Line ကွန်ဒိုရှိ အဖွဲ့၊ ကမာရွတ်မြို့နယ် Diamond ကွန်ဒိုရှိ Zhan Tu ကုမ္ပဏီ နှင့် Time City Office Tower ၁၅ လွှာတို့တွင် ရုံးခန်းဖွင့်ထားပြီး အုပ်စုဖွဲ့လိမ်လည်နေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသားများဟုယူဆရသော ဇူကျန်း (ခ) လောက်ဖအပါအဝင် ဖမ်းဆီးဆံရသူ ကျား ၆၆ ဦး နှင့် မ ၂၂ ဦး၊ ကျန်းယွိ အပါအဝင် ကျား ငါးဦး၊ မ နှစ်ဦးစုစုပေါင်း ၉၅ ဦး ဖမ်းခံရပြီး ဆက်စပ်တရားခံ ရန်လုံရှင်းမှာထွက်ပြေးတိမ်း ရှောင်သွားပြီး ဖမ်းဆီးရမိသူများကို တရားဥပဒေနှင့်အညီထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ဆိုထားသည်။

အဆိုပါအွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းသည် တစ်ဖွဲ့လျှင် လူ ၁၀ ဦးစီဖြင့် အဖွဲ့ရှစ်ဖွဲ့ ဖွဲ့စည်းထားပြီး ကွန်ပြူတာ နှင့် မိုဘိုင်းဖုန်းများ အသုံးပြုကာ ပစ်မှတ်ရှာဖွေခြင်း၊ ပစ်မှတ်၏ ကိုယ်ရေးအချက်အလက်များကိုရယူကာ ငွေကြေးလိမ်လည်ခြင်းများကို ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီထုတ်ပြန်ချက်တွင် ပြည်ပ နိုင်ငံသား များထံမှ လိမ်လည်သူများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဆိုထားပြီး ပြည်တွင်းတွင်လည်း အွန်လိုင်းမှတဆင့် လိမ်လည်ခံရမှုများစွာရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

“ အလိမ်ခံရတာအများဆုံးက ဖုန်းနံပါတ်နဲ့ပဲ။ အဓိကက K-pay ရုံးက ဗိုလ်ကြီး ဘယ်သူပါ၊ K-pay အဝင်အထွက်စစ်ဆေးချင်တယ် ဆိုပြီးတော့ ဖုန်းဆက်တာမျိုးနဲ့ စလာတာ။ ပြီးရင် K-pay ပိတ်မယ်ဆိုပြီးတော့ပြောတယ်။ အဲဒီလိုတွေ လိမ်တာ ပိုက်ဆံတောင်းတာ၊ code တောင်းပြီးလိမ်တာ အဲဒီလိုလုပ်ပြီး သူများပိုက်ဆံအချောင် လိုချင်နေကြတာ” ဟု ဖုန်းဆက်ခံရသူရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဖုန်းနံပါတ်အသုံးပြု၍ လိမ်လည်ခံရမှု အများဆုံးဖြစ်ပြီး ကံစမ်းမဲပေါက်ခြင်း၊ စုမဲလိမ်ခြင်း၊ ပစ္စည်းလက်ဆောင်ရသည်ဟုဆိုကာ ငွေကြေးလိမ်လည်ယူခြင်း၊ အစု ရှယ်ယာခေါ်ယူခြင်းအပါအဝင် ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing-MLM) နည်းလမ်းဖြင့်ငွေလိမ်လည်ခြင်း နှင့် အလုပ်ရှာပေးသည်ဟုဆိုကာ ဝန်ဆောင်ခလိမ်လည်ယူခြင်းများကိုလည်း ကြုံတွေ့နေရကြောင်း ရန်ကုန်မြိုခံများ ထံကသိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းအဖွဲ့သည် WhatApp လူမှုကွန်ရက် မှတဆင့် ပစ်မှတ်များကိုဆက်သွယ်၍ အချက်အလက်များ ရယူခြင်း ဖြစ်သည်။ ရရှိလာသည့် အချက်အလက်များကို စုဆောင်း၍ ငွေကြေး လိမ်လည်မည့် အခြားအဖွဲ့များထံ အချက်အလက်ရောင်းခြင်းများ ပြုလုပ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာပြီး စစ်ခေါင်းဆောင်က စိတ်ကြိုက် ဥပဒေများပြင်ဆင်ရေးဆွဲခြင်းများအပါအဝင် တရားစီရင်ရေးအပိုင်းတွင် စစ်ကောင်စီ၏ အလိုကျအတိုင်း တရားသူကြီးများက လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ – ထိုင်းနယ်စပ်နှင့် မြန်မာ – တရုတ်နယ်စပ် မြို့များရှိ အွန်လိုင်းငွေလိမ် လုပ်ငန်း များတွင် အလုပ်လုပ်ကိုင်ရန် လူကုန်ကူးခံထားရသည့် ထိုင်းနိုင်ငံသား ၁၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံသား ၆၀ ကျော်တို့ကို စစ်ကောင်စီက ကယ်ထုတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျယ်ပြန်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျားဖြန်) ကုမ္ပဏီများနှင့် အဆိုပါကုမ္ပဏီများ ကိုလုပ်ဆောင်နေသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းနိုင်ရန်အတွက် Operation 1027 ကို ဆင်နွှဲလျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံး ဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း(PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) တို့က အောက်တိုဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – MOI
#ရန်ကုန်တွင်အခြေပြု #အွန်လိုင်းမှငွေကြေးလိမ်လည် #၉၅ဦးဖမ်းဆီးခံရ #စစ်ကောင်စီ #Ayeyarwaddy_Times