
ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ အောက်တိုဘာလ ၂၈ ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့က နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုဖြစ်စဉ်တွင် သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးကို ဖမ်ဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း စစ်ကောင်စီထံက သိရသည်။
အမှတ်(၉)၊ အခြေခံပညာအထက်တန်းကျောင်းမှာ နှစ်လအတွင်း နှစ်ကြိမ်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုတွင် သံယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးကိုဖမ်းဆီးထားပြီး အဆိုပါအမျိုးသမီးမှာ Grade-12 တွင် ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးဖြစ်ကြောင်းလည်း ပညာရေးအသိုင်းအဝိုင်းထံက သိရသည်။
“ကျောင်းကို မီးရှို့တာက ကျောင်းသူတစ်ဦးလို့သိရတယ်။ မီးရှို့တဲ့ နှစ်ကြိမ်လုံးသူပဲတဲ့။ ပထမအကြိမ်မီးရှို့ခံရတည်းက မီးရှို့ရာမှာ သုံးတဲ့ပစ္စည်းတွေတွေ့ရပြီး ဘယ်သူဆိုတာမသိရတော့ ဒီတိုင်းထားလိုက်တာ။ အခုတစ်ခါက CCTV ကနေတွေ့ရတယ်လို့ သိရတယ်။ ကျောင်းကိုမီးရှို့ရတာကတော့ ဆရာမတွေကိုစိတ်နာလို့တဲ့။ ခွဲခြားဆက်ဆံလို့တဲ့ဆိုပြီး ပြောတယ် ” ဟု မော်လမြိုင်မြို့ရှိ ပညာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ကျောင်းကိုမီးရှို့သူဟု သံသယတရားခံအမျိုးသမီးမှာ မည်သူမျှခိုင်းစေခြင်းမရှိပဲ ဆရာ၊ ဆရာမများ၏ အဆင့်အတန်းခွဲခြားဆက်ဆံမှုကြောင့် မီးရှို့ခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝန်းထံက သိရပြီး စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များတွင်မူ PDF များကခိုင်းစေမှုဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။
မီးရှို့မှုဖြစ်စဉ်တွင် သံသယတရားခံမှာ အမျိုးသမီးငယ်တစ်ဦးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး ကျောင်းသူတစ်ဦးဖြစ်ကြောင်းပြောဆိုနေသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အမှတ်(၉) ကျောင်းက အရင်ထဲကနေ ငွေကြေးတက်နိုင်တဲ့သူတွေ၊ အစိုးရအရာရှိ၊ ဝန်ကြီးတွေရဲ့ သားသမီးတွေ တက်တာများတော့ ခွဲခြားဆက်ဆံမှုတွေက ရှိတယ်ပေါ့နော်။ အခုကတော့သေချာမသိရပေမဲ့ စဉ်းစားစရာနဲနဲတော့ရှိတယ်။ ဒီကောင်မလေးက ညသန်းခေါင်ကြီး သူတစ်ယောက်ထဲ ကျောင်းကိုမီးရှို့တာဖြစ်နိုင်ပါ့မလားပေါ့နော်။ စွပ်စွဲခံရတာလည်းဖြစ်ချင် ဖြစ်နိုင်တယ်ပေါ့။” ဟု မော်လမြိုင်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းသည် ၁၈၉၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသားကျောင်းတစ်ခုဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့တွင်တစ်ကြိမ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင်တစ်ကြိမ် နှစ်ကြိမ်မီးရှို့ခံရမှုကြောင့် နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ ပင်မကျောင်းဆောင်နှင့် သုံးထပ်ကျောင်းဆောင်တစ်ခု ၊ နှစ်ပေါင်း ၁၁၀ ကျော်သက်တမ်းရှိ ဦးသာညှင်းဓမ္မာရုံ အပါအဝင် ကျောင်းဆောင်နှစ်ခု မီးလောင်ကျွမ်းခဲ့ရကြောင်းလည်း သိရသည်။
ဓာတ်ပုံ – လှုမှုကွန်ရက်။
#မီးလောင်ကျွမ်း #အထက၉ #မော်လမြိုင် #သံသယတရားခံ #စစ်ကောင်စီ #Ayeyarwaddy_Times