နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းများ ထပ်မံသိမ်းပိုက်ခံရပြီးနောက် မူဆယ်မြို့နယ်၊ မုံးကိုးဒေသတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- ကိုးကန့် (MNDAA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်မတော်-MNDAA က ယမန်နေ့မှ စတင်၍ စစ်ကောင်စီတပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ချင်းရွှေဟော် တံတားထိပ်၊ ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာန၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိးမြို့အပါအဝင် စစ်ကောင်စီ၏ စစ်ရေးအဓိကကျသော နေရာအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့မှစတင်၍ ယနေ့ အောက်တိုဘာလ ၂၈ ရက်အထိ မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသရှိ မန့်ယန်းစခန်း တိုက်ပွဲကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ် စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက မုံးကိုး၊ ဖောင်းဆိုင်မှာ မနေ့ကတည်းက ဖြစ်တာ။ ပြင်းထန်နေတယ်။ အသေးစိတ် အခြေအနေကိုတော့ ဘယ်သူမှ မသိရသေးဘူး။ မြို့ထဲမှာတော့ ဒရုန်းနဲ့ လာကြဲတာတို့ ဘာတို့လောက်ပဲ ဖြစ်တာ။ အဲဒီနေရာက အရင်ကတည်းက တိုက်ပွဲခဏခဏဖြစ်တယ်” ဟု မုံကိုးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ချင်းရွှေဟော်ဒေသရှိ စစ်ကောင်စီတပ်စခန်း သုံး ခုဖြစ်သော နမ့်ကျွမ်းတပ်စခန်းနှင့် နမ့်ဟာ တပ်စခခန်း နှစ်ခုကိုလည်း MNDAA က ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးကာ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်များအနေဖြင့် လက်နက်ချ အလင်းဝင်ရန်နှင့် အလင်းဝင်လာသူမှန်သမျှ၏ အသက်အိုးအိမ် စည်းစိမ် များကိုလည်း ကာကွယ်စောင့်ရှောက်သွားပါမည်ဖြစ်ကာ ဆက်လက်ဆန့်ကျင်နေပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် MNDAA က သတိပေးထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – The KoKang
#စစ်ကောင်စီ #တပ်စခန်း #ထပ်မံသိမ်းပိုက်ခံရပြီး #မုံးကိုးတွင် #တိုက်ပွဲပြင်းထန်
#Ayeyarwaddy_Times