ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

ယခင် အရပ်သားအစိုးရအဖြစ် အမည်ခံပြောင်းလဲခဲ့သည့် သမ္မတဦးသိန်းစိန် လက်ထက်တွင် ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက ဖမ်းဆီး ထားကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာအချို့ တွင် ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဖော်ပြလာသည်။

ဦးရဲထွဋ် ဖမ်းဆီးခံရကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာ များတွင် ဖော်ပြထားသလို ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ကိုသက် စသည့် အမည်များခံယူထားသည့် စစ်တပ်လော်ဘီ အကောင့် တယ်လီဂရမ် များတွင်လည်း ဖော်ပြထားသည်။

ယမန်နေ့ အောက်တိုဘာ ၂၈ ရက်နေ့ ည၈နာရီ၃၀မိနစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူတစ်ဦးက ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်သည် ပြည်သူလူထု ထိတ်လန့်စေရန်ကြံရွယ်ပြီး မမှန်သတင်းများ ဖြန့်ဝေခြင်း၊ အစိုးရဝန်ထမ်းများ ပြစ်မှုကျူးလွန်လာစေရန်ရည်ရွယ်လှုံ့ဆော်ခြင်းတို့ပြုလုပ်ခြင်းကြောင့် အရေးယူပေးရန် အလုံရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့သည်။

ထို့ကြောင့် အလုံမြို့မရဲစခန်းက (ပ)၂၁၆/၂၀၂၃ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး၍ အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာ တစ်ခုတွင် ဖော်ပြထားသည်။

ထို့အတူ ဟန်ငြိမ်းဦး၏ တယ်လီဂရမ်တွင်လည်း “သစ္စာဖောက်တို့ သွားရာလမ်း အရောက်ပို့ပေးလိုက်ပါပြီ၊ ဟတ်ပီး သီတင်းကျွတ်ပါ ရဲဖွတ်” ဟု ဖော်ပြထားသည်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်သည် စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့် အထိတာဝန်ယူခဲ့ကာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းဖြစ်သည်။ သမ္မတဟောင်းဦးသိန်စိန်၏ ပြောရေးဆိုခွင့် ရှိသူအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၁၉ အထိစင်ကာပူနိုင်ငံ ISEAS-Yusof Ishak Institute တွင် အကြီးတန်းသုတေသန လုပ်ဖော်ကိုင်ဖက်အဖြစ် သွားရောက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ဦးရဲထွဋ်သည် စစ်တပ်က အာဏာသိမ်းယူခဲ့သည်အပေါ် ဆန့်ကျင်သည် ရေးသားမှုမျိုးကို ၎င်း၏ လူမှုကွန်ရက်တွင် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ဖော်ပြခဲ့၍ စစ်တပ်ကိုထောက်ခံသူများ၏ အငြိုးထား ဝေဖန်ခြင်းကို ခံနေရသူတစ်ဦးဖြစ်သည်။

လက်ရှိ စစ်ကောင်စီတွင် တာဝန်ယူထားသည့် စစ်ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့သည် ဦးရဲထွဋ်နှင့်အတူတူ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းသူများဖြစ်သည်။

ပုံစာ-ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်

#သမ္မတဟောင်းဦးသိန်းစိန် #ပြောရေးဆိုခွင့်ရှိသူ #ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ် #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times