နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးအဖြေရှာပြီး အပစ်ရပ်ကြရန် တရုတ်အစိုးရက တိုက်တွန်းထားသော်လည်း သတ်မှတ်ထားသော စစ်ဆင်ရေး ပစ်မှတ်များကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံး ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်-MNDAA ၊ တအောင်းတပ်-TNLA နှင့် ရခိုင့်တပ်တော်-AA တို့သည် အောက်တိုဘာ ၂၇ ရက်မှစတင်၍ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အပြင်းအထန် စတင်တိုက်ခိုက်​ သိမ်းပိုက်ခဲ့သည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့်Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ဟု အမည်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ထို ၁၀၂၇ စစ်ဆင်ရေး ပထမနေ့၌ပင် စစ်ကောင်စီ၏ စစ်ရေးအဓိကကျသော အကြီးအသေး တပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကာ စစ်သုံ့ပန်း ၁၀ ဦးကို ဖမ်းဆီးရမိ၍ လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရရှိခဲ့ကြောင်းMNDAA က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ အဆိုပါအဖွဲ့များနှင့် ပတ်သက်သည့် အွန်လိုင်း လောင်းကစားမှုများကို ၎င်းတို့က ဖမ်းဆီးခဲ့သောကြောင့် တိုက်ခိုက်ခြင်းဖြစ်သလို ထိုတိုက်ပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တချို့သာ သေဆုံးခဲ့သည်ဟု VOA သတင်းဌာနကို တုန့်ပြန်ပြောဆိုခဲ့သည်။

“အွန်လိုင်းဂိမ်း ကိစ္စကတော့ တကယ့်တကယ်ကတော့ ဖြစ်နေတာက မြို့ပေါ်တွေမှာပဲ ဖြစ်တယ်။ စစ်ကောင်စီက အစကတည်းက လုပ်မယ်ဆိုရင် ဒီကိစ္စက ဖြစ်ပေါ်စရာလည်း မရှိပါဘူး။ အဲဒါကို အခုမှ တိုက်ပွဲတွေဖြစ်မှ အသံထွက်လာတာ ဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီဟာကို နဂိုကတည်းက ဆောင်ရွက်နေတာရှိတယ်။ ကျွန်တော်တို့စိုးမိုးတဲ့ နယ်မြေအတွင်းမှာလည်း ဒီလုပ်ငန်းတွေက မရှိဘူး။ ထုတ်ပြန်ချက်မှာလည်း ထည့်ရေးသားပြီး ဖြစ်ပါတယ်။ ဒီကိစ္စကို ထဲထဲဝင်ဝင်ပိုပြီး ဆောင်ရွက်နိုင်ဖို့အတွက် နယ်မြေစိုးမိုးမှုရှိဖို့ လိုအပ်တယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က နှစ်ဖက်သဘောထား ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းရန်၊ ပဋိပက္ခအရှိန် မြှင့်လာခြင်းကို ရှောင်ကြဉ်ကြရန်နှင့် တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် လက်တွေ့ကျသော ထိရောက်သည့် အစီအမံများ လုပ်ဆောင်ကြရန် ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“တရုတ်ကတော့ သူ့မူဝါဒ ပေါ်လစီအရ စစ်ကောင်စီ အာဏာရှင်တွေကို ကာကွယ်ရေး နောက်ပြီးတော့ ဗမာပြည်မှာ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး အဲဒီအပေါ်မှာ သူ့ရဲ့အကျိုးစီးပွားတွေ အကောင်အထည်ဖော်ဖို့အတွက် သူကတော့ ဒီစကားပြောတာပါ။ ဒါပေမဲ့ တရုတ်တားတဲ့ကိစ္စက လက်ရှိဗမာပြည် အခြေအနေနဲ့ မဖြစ်နိုင်ပါဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရ၏ တိုက်တွန်းချက်နှင့် ပတ်သက်၍ အထက်လူကြီးများက မည်သည့်ညွှန်ကြားချက်မှ မပေးသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ထံမှ သိရှိရပြီး စစ်ကောင်စီ ဘက်ကမူ နယ်စပ်ဒေသဖြစ်သည့် ချင်းရွှေဟော်မြို့ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းတို့ဝါဒဖြန့် မီဒီယာမှတဆင့် ပြောဆိုထားသည်။

သို့သော် ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့ဖြစ်သည့် ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင် ချင်းရွှေဟော်မြို့ ပတ်ဝန်းကျင်၌ ယမန်နေ့က ကျန်ရှိနေသော စစ်ကောင်စီ တပ်စခန်းအချို့အား နေ့လယ် ၂ နာရီဝန်းကျင်တွင် တစ်ခုမကျန် ရှင်းလင်းနိုင်ကာ တပ်စခန်းအားလုံး ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

“ဒီသုံးဖွဲ့လုံးကKIA အခြေခံတဲ့ သင်တန်းကျောင်းတွေကနေပြီးတော့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီကနေ့ လိုင်ဇာကို အဓိကအားဖြင့် စစ်ကောင်စီကနေ အပြင်းအထန် ထိုးစစ်ဆင်ပြီးတော့ တိုက်ခိုက်ဖို့ ကြိုးပမ်းနေတဲ့ကာလမှာ ဒီအင်အားစုတွေ ပြန်ပြီးတော့ ဆင်းသွားဖို့အတွက် သူတို့က မဟာဗျူဟာအထောက်အကူပြုတဲ့အနေနဲ့ ဒီနေ့မြို့နယ် ၆ ခုလောက်ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ကျွန်တော်ကယူဆပါတယ်” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

ယင်းအပြင် မူဆယ်မြို့နယ်၊ မုံးကိုးတပ်စခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း လေး ခုကိုလည်း ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော် စစ်နယ်မြေရှိ စစ်ကောင်စီ၏ သံချပ်ကာနှစ်စီးကို MNDAA ရဲဘော်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ၁၀၂၇ စစ်ဆင်ရေးအဖြစ် နမ့်ခမ်း၊ နောင်ချို၊ လားရှိုးမြို့နယ်တို့တွင်လည်း စစ်ကောင်စီနှင့် TNLA တို့ ယနေ့တစ်ရက်အတွင်း တိုက်ပွဲဖြစ်ပွါးခဲ့သလို လက်ရှိအထိ စစ်ကောင်စီ တပ်စခန်း လေး ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီဘက်မှ အလောင်း ၁၈ လောင်းနှင့် RPG အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- The KoKang
#ရှမ်းမြောက်တိုက်ပွဲ #နှစ်ဖက်တွေ့ဆုံ #ဆွေးနွေး #အပစ်ရပ်ရန် #တရုတ်တိုက်တွန်း #တိုက်ပွဲများ
#ဆက်လက်ဖော်ဆောင်သွားမည်
#Ayeyarwaddy_Times