ဧရာဝတီတိုင်းမ်
အောက်တိုဘာ၂၈ ရက်

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့်နိုင်ငံများတွင် စင်ကာပူနိုင်ငံသည် ရုရှားနှင့် တရုတ်နိုင်ငံ၏နောက် တတိယနေရာတွင်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း စင်ကာပူ အခြေစိုက် လက်နက် ကုမ္ပဏီ ၁၃၈ ခုမှ စစ်အုပ်စုကို ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိသည့် လက်နက်နဲ့ ဆက်စပ်ပစ္စည်းများကို တင်ပို့ရောင်းချခဲ့ကြောင်း UN special reporter တွမ်အမ်ဒရူး၏ အစီရင်ခံစာအရ သိရသည်။

စစ်ကောင်စီသည် အဆိုပါစစ်လက်နက်ပစ္စည်းများကိုအသုံးပြုပြီး မြန်မာနိုင်ငံရှိ အရပ် သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ၊ မတရားညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများပြုလုပ်နေသည့်အတွက် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်အထိ ကမ်ပိန်း လှုပ်ရှားမှုများပြုလုပ်ကာ လာမည့် အောက်တိုဘာ ၂၉ ရက်နေ့တွင် စင်ကာပူအစိုးရထံ အချက်သုံး ချက်ပါသည့် အိတ်ဖွင့်ပေးစာကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ တောင်းဆိုချက် သုံး ချက်ပါတဲ့ အိတ်ဖွင့်ပေးစာကို စင်ကာပူအစိုးရထံ ပေးပို့ပေးသွားဖို့ရှိပါတယ်။ စင်ကာပူအစိုးရဟာ ကမ္ဘာ့မီဒီယာမှာ သူတို့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်တင်သွင်း ရောင်းချခွင့်ပိတ်ပင်ထားတယ် ဆိုတဲ့ ဟာမျိုးတွေကိုသာထုတ်ဖော်ပြောကြားလေ့ရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ ကတော့ လုံး၀ကွာခြားနေတယ် ဆိုတာမျိုးကိုပေါ့နော်။ ဒီလိုမျိုး စင်ကာပူအခြေစိုက် ကုပ္မဏီတွေ ကရောင်းချခဲ့တာတွေ လုံး၀ရပ်တန့်ဖို့ စင်ကာပူအစိုးရအနေနဲ့ သူတို့ ပြောထားတဲ့အတိုင်း လက်နက်ရောင်းချခွင့်၊ လေယာဉ်ဆီတင်သွင်းတာမျိုးတွေ ပိတ်ပင်ပြီးလက်တွေ့ အကောင်အထည်ဖော်ဖို့ တောင်းဆိုထားတယ်” ဟု Blood Money Campaign တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အောက်တိုဘာ ၂၉ ရက်နေ့တွင် ပေးပို့သွားမည့် အိတ်ဖွင့်ပေးစာ၌ စစ်အုပ်စုထံ လေယာဉ်ဆီများ အပါအဝင် အရပ်ဖက်-စစ်ဖက်သုံးကုန်ပစ္စည်းများအတွက် ဘဏ်ငွေ ကြေး လွှဲပြောင်းမှုများကို ပိတ်ဆို့ရန်၊ မြန်မာနိုင်ငံ၏ တရား၀င်အစိုးက တရား၀င် အသုံးပြုခွင့်ရမည့် နိုင်ငံခြားအရံငွေ ဒေါ်လာ ၄.၆ ဘီလီယံ နီးပါးကို စစ်အုပ်စုက လုံးဝအသုံးပြုခွင့်မရစေရန်၊ စစ်အုပ်စုကို နည်းပညာ၊ လက်နက်ရောင်းချခဲ့သည့် စင်ကာပူ အခြေစိုက် လက်နက်ကုမ္ပဏီများကို အများပြည်သူသိရှိနိုင်ဖို့အတွက် စုံစမ်းအရေးယူ မှုများ ပြုလုပ်ပေးရန် ဆိုသည့် အချက်သုံးချက်ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ယခုကမ်ပိန်းပြုလုပ်‌နေသည့် ကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ နွေဦးလှုပ်ရှားမှု Gobal Action အနေနှင့် ပြည်တွင်းမြေပြင်သပိတ်လှုပ်ရှားမှုများ၊ စင်ကာပူသံရုံးကို အိတ်ဖွင့်ပေးစာပို့မှုများ၊ သံရုံးရှေ့တောင်းဆိုမှုများ စသည်တို့ကိုလုပ်ဆောင်သွားမည် ဖြစ်ပြီး အွန်လိုင်းတွင်လည်း လူထုအင်အားပါ၀င်နိုင်သည့် လက်မှတ်ထိုး ကမ်ပိန်း၊ ဓာတ်ပုံကမ်ပိန်းတွေ လုပ်ဆောင်နေကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့ထံက သိရသည်။

“အခုဆိုလို့ရှိရင် စင်ကာပူ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး၀န်ကြီး၊ ဒု၀န်ကြီးတွေရဲ့ facebook တွေ၊ X(Twitter)တွေမှာ comment ကမ်ပိန်းလုပ်ဆောင်နေတာ ရှိပါတယ်။ ဒါကို စင်ကာပူနိုင်ငံသားတွေမြင်ပြီး သူတို့နိုင်ငံအနေနဲ့ အခြားနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်စေဖို့ ထောက်ပံ့နေကြပါလားဆိုပြီးတော့ သိစေဖို့ အဓိကရည်ရွယ်ပါတယ်။ ‌X(Twitter) ကမ်ပိန်းမှာကလည်း နိုင်ငံတကာအစိုးရအနေနဲ့ စင်ကာပူအစိုးရက ကမ္ဘာ့မီဒီယာမှာ စစ်တပ်ကို လက်နက်စီးဆင်းမှုရပ်တန့်ထားပါတယ်ဆိုတဲ့ နောက်ကွယ် မှာ လက်နက်အတွက် ဒေါ်လာသန်းရာနဲ့ချီ စီးဆင်းနေတာကိုထောက်ပြချင်တာလည်း ပါပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

ထို့ပြင် စစ်ကောင်စီသည် ယခုလပိုင်းအတွင်း စင်ကာပူနိုင်ငံရှိ တော်လှန်ရေးတက်ကြွ လှုပ်ရှားသူ မြန်မာနိုင်သားများ၏ နိုင်ငံကူးလက်မှတ်(Passport) များကို ပိတ်ပင်ခြင်းများ ပြုလုပ်နေသည်။

စစ်ကောင်စီက ထိုသို့ပြုလုပ်နေခြင်းသည် ပြည်သူများကို ခြိမ်း‌ခြောက်၍ အကြောက် တရားများရှိလာအောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီအတွက် လက်နက်နှင့် ငွေကြေးအရင်းမြစ်ဖြစ်နေသည့် စင်ကာပူကို ပြည်သူ့အင်အား၊ ပြည်သူအသံနှင့် ၎င်းတို့၏ ထောက်ပံ့မှုများကို ရပ်တန့်ရန် ဆက်လက် တောင်းဆို သွားရန် သွေးစွန်းငွေ ဖြတ်တောက် ရေးအဖွဲ့က ပြောဆိုထားသည်။

ဓာတ်ပုံ – အင်တာနက်
#BloodMoneyCampaignMM #စင်ကာပူအစိုးရ #အိတ်ဖွင့်ပေးစာ #လက်နက်ရောင်းချ #စစ်အုပ်စု #Ayeyarwaddy_Times
Boost this pos