
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းနှင့် လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၄ ကို ၁၀၂၇ စစ်ဆင်ရေးအဖြစ် တစ်ရက်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA က တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၄ နာရီခန့်က နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများဖြစ်သော နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင် တပ်စခန်း) တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတပ်စခန်း ၃ ခုကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်းများဖြစ်သော M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊ MA3- ၁၁လက်၊ 60MM- ၂လက်၊ ပစ္စတို- ၁လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ M9- ၇လုံး၊ RPG- ၅၀လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀လုံး၊ မိုင်း- ၄လုံး၊ ကျည်ဆံ- ၁၀၀၀၀ လုံး(တစ်သောင်းကျော်)တို့အပြင် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ပြောဆိုသည်။
အလားတူ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကိုလည်း ယမန်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က TNLA မှ တိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၂ နာရီခန့်တွင် တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲတွင်လည်း သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂လက်)၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀လုံး၊ မိုင်း၊ ကျည်ဆံမြောက်များစွာအပြင် စစ်အသုံးအဆောင် ပစ္စည်းများစွာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၁၀၂၇ စစ်ဆင်ရေး ကို ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-TNLA
#စစ်ကောင်စီစခန်း၄ခု #တိုက်ခိုက်သိမ်းပိုက် #အလောင်း၁၈လောင်း #RPGလက်နက်ခဲယမ်းများစွာ #သိမ်းဆည်းရမိ #TNLAထုတ်ပြန်
#Ayeyarwaddy_Times