ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

မြန်မာကိုရန်သူသဖွယ်သဘောထားကာ မြန်မာအရေးနှင့်ပတ်သက်ပြီး ယနေ့အချိန်အထိ အမေရိကန်က ဝင်ရောက်စွက်ဖက်လျက်ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်တွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပသော စစ်ကောင်စီအဖွဲ့ဝင်များအစည်းအဝေးတွင်၎င်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အမေရိကန်ဖြစ်စေချင်သည့်အတိုင်းမဖြစ်သည့်အခါတွင် ယင်းကဲ့သို့မဖြစ်အောင်ကာကွယ်နိုင်သည့်အင်အားများစုများကို ရန်ပြုခြင်းမှာထင်သာမြင်သာသည့်အကြောင်းအရာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

” ဒီနေ့ကာလအထိ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ရန်သူလိုသဘောထားခြင်းဟာ ကြီးမားတဲ့နောက်ခံအကြောင်းရှိပါတယ်”ဟု စစ်ခေါင်းဆောင် ကပြောသည်။

လက်ရှိအမေရိကန်ဦးဆောင်သောအုပ်စုရည်ရွယ်ချက်သည် တရုတ်နိုင်ငံကိုထိန်းချုပ်နိုင်ရေးပေါ်လစီဖြစ်ပြီး မြန်မာနိုင်ငံတွင် ၄င်းတို့လိုလားသောအစိုးရကိုသာရှိစေချင်ပြီးဖြစ်ပေါ်မလာချိန်တွင် ကဏ္ဍာပေါင်းစုံမငြိမ်မသက်ဖြစ်အောင်ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အမေရိကန်၏ဩဇာလွှမ်းမိုးမှုကိုမလွန်ဆန်နိုင်သော နိုင်ငံများက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများပြုလုပ်ကြကြောင်း ၎င်းက တင်းမာစွာဆိုသည်။

လက်ရှိတွင် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုကိစ္စများတွင် ငွေကြေးစနစ် ( အမေရိကန်ဒေါ်လာ) တစ်ခုတည်းအပေါ်မှီခိုအားထားမှုမပြုဘဲ နိုင်ငံတကာငွေကြေးစနစ်အမျိုးမျိုးကိုအသုံးပြုလာနိုင်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း နိုင်ငံတော်ပိုင် MFTB နှင့် MICB ဘဏ်များအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သော လုပ်ငန်းရှင်များ၊ လေယာဥ်ဆီကုမ္ပဏီများအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်နှင့် စီးပွားလုပ်ငန်းရှင်များကို ဆန်ရှင်ပြုလုပ်ခြင်းနှင့် ပိတ်ဆို့ထားခြင်းများပြုလုပ်ထားသည်။

နိုင်ငံခြားငွေအသုံးပြု လဲလှယ်နေသော ဘဏ်နှစ်ခုအရေးယူခံရခြင်းကြောင့် စစ်ကောင်စီပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများစွာအခက်အခဲဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် စင်ကာပူနိုင်ငံအခြေစိုက် UOB ဘဏ်က မြန်မာစာရင်းအကောင့်များအားလုံးပိတ်ပင်ခဲ့သေးသည်။

#မြန်မာ #အမေရိကန် #ရန်သူလိုသဘောထားကာ #ဝင်ရောက်စွက်ဖက်နေဟု #စစ်ခေါင်းဆောင်ဆို
#Ayeyarwaddy_Times