နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရေးအဓိကကျသော ချင်းရွှေဟော် တံတားထိပ်၊ ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာန၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိးမြို့အပါအဝင် နေရာအများအပြားကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၄ နာရီခန့်မှ စတင်၍ ကိုးကန့်တပ်မတော်ဖြစ်သည့် MNTJP / MNDAA ၏ တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တို့မှ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိး၊ နန်ကျွမ်းဒေသများရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အဆိုပါစစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့သလို ယခုအချိန်အထိလည်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များနေရာအနှံ့ ဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အလားတူ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့နယ်ရှိ စစ်ကောင်စီ စခန်းကုန်း တစ်ခုကိုလည်း ယနေ့ မွန်းလွဲပိုင်းတွင် MNDAA နှင့် မဟာမိတ်တို့မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းရှိ စစ်ကောင်စီ၏ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝိတ် တပ်စခန်း၂ ခုကိုလည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA က သိမ်းပိုက်နိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံ မှ သိရသည်။

ထိုတိုက်ပွဲများကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA ၊ TNLA နှင့် AA တို့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး အထူးဒေသ(၁)အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရေး၊ လောက်ကိုင်မြို့နယ်ရှိ Online Game (ကျဖျင့်) ကုမ္ပဏီများကို တိုက်ဖျက်ရှင်းလင်းရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေးအတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို ယခုထက်ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲအစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားနိုင်ရေးနှင့် မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် တိုက်ပွဲများ ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“အကြမ်းဖျင်းကတော့ မနေ့က စတယ်လို့ပြောလို့ရတယ်။ မနေ့ကတော့ မိုးကုတ်နဲ့နောင်ချိုဘက်က စဖြစ်တယ်။ ဒီနေ့ကတော့ လားရှိုးနဲ့ နမ့်ခမ်းဘက် အခြမ်းတွေဖြစ်တယ်။ ကျန်တဲ့ ချင်းရွှေဟော်ဘက်တွေလည်း ဖြစ်တယ်လို့ သိရတယ်။ ဒါပေမယ့် အသေးစိတ်ကတော့ ကျွန်တော်တို့လည်း မရသေးဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကိုးကန့်တပ်မတော်-MNDAA နှင့် မဟာမိတ်အဖွဲ့များက ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ခဲ့သဖြင့် ယင်းဒေသရှိ ဒေသခံများနှင့် ကာစီနို လောင်းကစားဝိုင်းမှ ဝန်ထမ်းများသည် တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသလို လားရှိုးလေဆိပ်ကိုလည်း ယနေ့နံနက်မှ စတင်၍ ယာယီပိတ်ထားရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထို့အတူ စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးများကို ဆက်တိုက်အသုံးပြု၍ ခုခံနေသကဲ့သို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ယနေ့တိုက်ပွဲများတွင် MNDAA ဒုစစ်ဦးစီးချူပ် (ဗျူဟာမှူး) ဖုန်သက်ကျွင်းကိုယ်တိုင် ရှေ့တန်းစစ်မြေပြင်သို့ လိုက်ပါကွပ်ကဲခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးကာ တပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

“လက်ရှိမြေပြင်မှာတော့ စစ်ကောင်စီဘက်က စစ်အင်အားတွေ ပြန်လည်ဖြည့်တင်းဖို့ ဆောင်ရွက်နေတာတွေ တွေ့ရတယ်။ လားရှိုးဘက်ခြမ်းတို့ ဘာတို့ကိုတော့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ပြန်ပြီးဖြည့်တင်းနေတယ်။ Mi-35 တို့ ဂျက်လေယာဉ်တွေ ဒီမနက်တောက်လျှောက် ပျံဝဲနေတာ တွေ့ရတယ်။ အများဆုံးကတော့ ချင်းရွှေဟော်ဘက်မှာ စတင်ပစ်ခတ်တိုက်ခိုက်နေတာတော့ရှိတယ်။ ဘယ်နှကြိမ်ဆိုတာတော့ အရေအတွက်အတိအကျ မသိ‌ရသေးဘူး” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတပ်စခန်းများ သိမ်းပိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရန် ဧရာဝတီတိုင်းမ် သတင်းဌာနမှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိခဲ့ပေ။

အလားတူ MNTJP/ MNDAA ၏ နန်ဖာရှမ်းစခန်း၊ မန်တုံပစခန်းနှင့် ပြောက်ကျားလှုပ်ရှားနယ်မြေများကိုလည်း ယမန်နေ့မှ စတင်၍ စစ်ကောင်စီမှ လေကြောင်းမှတစ်ဆင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် MNDAA မှ တပ်သား (၁) ဦး သေဆုံး၍ (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ဗုံးသီးများ ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား (၁) ဦး သေဆုံးကာ (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ဆိုသည်။

ရှမ်းမြောက်ဒေသ တိုက်ပွဲများနှင့် ပတ်သက်၍ လုံခြုံရေး ရဲတပ်ဖွဲ့စခန်းများနှင့် ပြည်သူ့စစ် စခန်းအချို့သာ ကျရှုံးခဲ့ပြီး စစ်ကောင်စီစစ်စခန်းများ ကျရှုံးမှုမရှိခဲ့ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၄င်းနှင့်အဆင်ပြေသည့် မီဒီယာကို ပြောကြားထားသည်။

#ရှမ်းမြောက် #စစ်ကောင်စီ #အရေးပါသော #တပ်စခန်း၆ခုထက်မနည်း #ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက် #Ayeyarwaddy_Times