နွေဦးမောင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်တည်ရှိသော စစ်ကောင်စီ၏ စစ်ဖက်ရေးရာ ထောက်လှန်းရေးတပ်ဖွဲ့ (စရဖ) ရုံး၊ ရဲစခန်းနှင့် မြို့နယ်တရားရုံးတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်း တပ်ဖွဲ့များမှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ကော့ကရိတ်မြို့ပေါ်၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား အောက်တိုဘာလ (၂၇)ရက် ယနေ့ နံနက် (၅)နာရီခန့်လောက်မှစတင်၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စရဖ ရုံးနှင့် ရဲသတင်းတပ်ဖွဲ့ SP ရုံးတို့ ဖျက်ဆီးခံလိုက်ရကြောင်း မြို့ခံများထံက သိရသည်။

“စစ်ကောင်စီတပ်က မြို့ပေါ်နဲ့ ချိတ်ဆက်သွားလို့ရတဲ့ လမ်းပိုင်းတွေကို ဖျက်စီးတာတွေရှိသလို အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကိုပါ လေယာဥ်နဲ့ ဗုံးကြဲတာတွေ လေယာဥ်ပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေကိုပါ ပြုလုပ်နေပါတယ်။ ကော့ကရိတ်မြို့ပေါ်မှာလည်း မထင်ရင် မထင်သလို တွေ့သမျှလူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ထင်တိုင်းကြဲနေကြတာလေ ဒီနေ့ကတော့ သူတို့သတင်းတပ်ဖွဲ့ရုံးတွေနဲ့ စစ်ကောင်စီ အထိုင်ချနေတဲ့ ဘုန်းကြီးကျောင်းတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်။ ကော့ကရိတ်မြို့နယ် နေရာအတော်များများမှာတော့ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါပဲ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကော့ကရိတ်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ရန်ကုန်နှင့် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားသည့် အာရှလမ်းမကြီး ဖြတ်သန်းသွားရာမြို့တစ်ခုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်မြို့တစ်မြို့လည်း ဖြစ်သည်။

အောက်တိုဘာလ (၂၄)ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်ရှိ ဆင်ကုန်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ခမရ ၂၀၇ မှ တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး ငြိမ်းချမ်းအောင်အပါဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်း ရင်းမြစ်ထံက သိရသည်။

#ကော့ကရိတ်မြို့ #တရားရုံး #စရဖရုံး #ရဲစခန်း #တော်လှန်ရေးပူးပေါင်းအဖွဲ့များ #သွားရောက်တိုက်ခိုက် #Ayeyarwaddy_Time