
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် စကခ- ၂၀အောက်ရှိ ခမရ ၄၃၂ တပ်မှ တပ်သားငါးဦး စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (စအရ – ၉၁၈) မှ တပ်ကြပ်ကြီး တစ်ဦးနှင့် ရဲတပ်ကြပ်တဦးတို့ သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချိတ် ဆက်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြောင်း သတင်း ရရှိသည်။
အဆိုပါ ၇ ဦးသည် KNU တပ်မဟာ ၆ နယ်မြေတွင် လှုပ်ရှားနေသည့် စအရ ၉၁၈ မှ တပ်ကြပ် ဇေယျာအောင်၊ ခမရ-၄၃၂ မှ တပ်သား သန့်ဇင်ဦး၊ တပ်သား ကောင်းသီဟ၊ တပ်သား ချစ်ပို၊ တပ်သား စံဖြိုး၊ တပ်သား ဝဏ္ဏကျော်နှင့် ရဲတပ်ကြပ် ထွန်းထွန်းကျော်တို့ ဖြစ် သည်။
“မင်းအောင်လှိုင်စစ်တပ်ကြီး ဘာဖြစ်နေလဲပြောလို့ရှိရင် ဖွဲ့စည်းပုံပျက်နေပြီလို့ပြောလို့ရတယ်။ ဖွဲ့စည်းပုံပျက်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ အလံခုံနဲ့ အလံပဲကျန်လိမ့်မယ်။ နောက်ပိုင်းဆို ဒီထက်ဆိုးလာမယ် တပ်ထဲမှာ ရဲဘော်တစ်ယောက်မှ ကျန်မှာမဟုတ်တော့ဘူး” ခမရ ၄၃၂မှ တပ်သားသန့်ဇင်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များထဲတွင် ဖွဲ့စည်းပုံပျက်နေကာ သေဆုံး ဒဏ်ရာရသူများနေပြီး၊ ထွက်ပြေးကြသူလည်း များပြားနေကြောင်း အဆိုပါ စစ်သားများက ပြောသည်။
“ပြည်သူတွေကို ကာကွယ်ရမယ့်စစ်တပ်က ပြည်သူတွေကို ဒုက္ခပေးနေတာ မလိုလားဘူး။ ကျနော်တို့ ဘာလို့ အခုမှ လုပ်လဲဆိုတော့ အခွင့်အရေး မရခဲ့ဘူး။ ပြီးခဲ့တဲ့လက ကွီလုံတိုင်ဘက် စစ်ကူသွားတဲ့အချိန်ကျမှ အခွင့်အရေး ရခဲ့တာ။ ညအိပ်တဲ့အချိန်မှာ ခြောက် ယောက် ထွက်ပြေးခဲ့တာ” ဟု စအရ ၉၁၈ မှ တပ်ကြပ် ဇေယျာအောင် ကပြောသည်။
ပြည်သူ့ဘက်သို့ ကူးပြောင်း ရပ်တည်လာသည့် စစ်သားများကို ပြည်သူ့ပန်းတိုင်အဖွဲ့က နေစရာ စီစဉ်ပေးခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်အစီအစဉ်မှ ထောက်ပံကြေး ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူ့ခုခံတွန်းလှန်စစ်နှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် အရာရှိစစ်သည် တစ်သောင်းခွဲခန့်ရှိနေပြီး အများစုမှာ ၄င်းတို့အစီအစဉ်ဖြင့်ပင် စစ်တပ်မှ ထွက်ပြေးနေကြကြောင်း သိရသည်။
ဓာတ်ပုံ-ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်ဖွဲ့ဝင်များကို နံနက်စာကျွေးမွေးနေစဉ်
#စစ်ကောင်စီ #တပ်ဖွဲ့ဝင် #၆ဦး #ရဲတပ်ကြပ်တစ်ဦး #KNUနှင့်ချိတ်ဆက် #ပြည်သူ့ရင်ခွင်ခိုလှုံ
#Ayeyawarddy_Times