
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်
ဧရာဝတီတိုင်းအတွင်းရှိ တိုင်း၊ခရိုင်အဆင့် ရဲအရာရှိကြီးများသည် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်ခြင်း ခံရမည်ကို ထိတ်လန့်ကြောက်ရွံ့ပြီး မိသားစုများကို လျို့ဝှက်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
တိုင်း၊ခရိုင်ရှိရဲမှူးကြီးအဆင့်မှ ဒုရဲမှူးအဆင့်ရှိသူအရာရှိများမှာ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်း ခံရမည်ကိုစိုးရိမ်၍ အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး မိသားစုဝင်များကို နေပြည်တော်သို့ လျို့ဝှက်ရွှေ့ပြောင်းမှုများ ပြုလုပ်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်များထံက သိရသည်။
” တိုင်း၊ခရိုင်အဆင့် ရဲမှူးကြီးကနေ ဒုရဲမှူးအထိ မိသားစုလိုက် PDF ရန်ကိုကြောက်လို့ နေပြည်တော်ပြောင်းပြေးကုန်ပြီ။ လျို့ဝှက်ပြီးတော့ပြောင်းတာ။ ကျန်းမာရေးအကြောင်းပြပြီး ပြောင်းတာတို့လုပ်နေကြတယ်။ သက်ကြီးရွယ်အို တွေဆို ဘိုးဘွားရိပ်သာကို တိတ်တိတ်လေးပို့ထားတာတွေလည်းရှိတယ်။ ရေးမှာစခန်းမှူးတွေ သတ်ဖြတ်ခံရတဲ့ သတင်းကြားကတည်းက အကုန်လန့်ပြီးရှောင်ပြေးနေကြတာ” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး နှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင်နေပြည်တော်သို့ ပြောင်းရွှေ့နိုင်ခြင်းမရှိသည့် ရဲအရာရှိအချို့မှာ ပုသိမ်မြို့တွင်း၌ အိမ်ပွဲစားများကို ရှာဖွေခိုင်းပြီး တန်ဖိုးကြီးနေအိမ်များ ဝယ်ယူကာ လျို့ဝှက်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း မြို့ခံအိမ်ခြံမြေပွဲစားလုပ်ကိုင်သူများက ပြောဆိုသည်။
”ရဲအရာရှိကြီးအချို့က အိမ်ပွဲစားနဲ့ဆက်သွယ်ပြီးတော့ ပုသိမ်မှာပဲအိမ်ဝယ်ကြတယ်။ ပွဲစားကိုအမည်ခံခိုင်းတာပေါ့။ စျေးကထောင်ချီတယ်။မိ သားစုတွေကိုရွှေ့ခိုင်းတယ်။ အိမ်တွေက မြို့အစွန်နေရာတွေမှာ ဝယ်ကြတာများတယ်”ပုသိမ်မြို့ခံအိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။
ထို့အပြင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် နေထိုင်သည့် တပ်ပိုင်းဆိုင်ရာ အရာရှိကြီးများမှာလည်း မိသားစုဝင်များကို မြို့တွင်းရှိနေအိမ်များမှ နေပြည်တော်သို့ လျှို့ဝှက်ပို့ဆောင် ရွှေ့ပြောင်းနေကြကြောင်းသိရသည်။
စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် ရာထူးအကြီးပိုင်းနှစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီးနောက် ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးငယ်အချို့ ပိုင်ဆိုင်သည့်အိမ်၊ခြံမြေများကို မြေပွဲစားအကျိုးဆောင်များမှတဆင့် ရောင်းချမှုများ ပြုလုပ်ခဲ့ကြသည် ။
#ဧရာဝတီတိုင်း #ရဲအရာရှိကြီးများ #တော်လှန်ရေးအင်အားစုများကိုကြောက်လန့် #မိသားစု #နေရာရွှေ့ပြောင်း #Ayeyarwaddy_Times