
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်
စစ်တပ်အာဏာသိမ်းထားမှုကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းနေပြီး ပြည်တွင်းမငြိမ်သက်မှုနှင့် စစ်ဘေးဒုက္ခသည်အရေအတွက် မြင့်မားနေချိန် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော Miss Grad International ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် နီနီလင်းအိမ်အတွက် ငွေကြေးအမြောက်အများသုံးကာ မဲပေးမှုအတွက် ဝေဖန်မှုများစွာ မြင့်တက်နေကြောင်း သိရသည်။
တိုင်းပြည်စီးပွားရေးကျပ်တည်းမှုနှင့်အတူ အများပြည်သူများ ဒုက္ခရောက်ချိန်တွင် အမေရိကန်ဒေါ်လာအသုံးပြုပြီး မဲဝယ်ရသည့်စနစ်တွင် မြန်မာနိုင်ငံသားများက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းသုံးကာ မဲဝယ်ယူပေးသဖြင့်Miss Popular vote ဆုရရှိကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီက ကျေးရွာများကိုနေ့စဉ်စစ်ကြောင်းထိုးကာ ပြည်သူများကိုညှင်းဆဲသတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုများကြောင့် နိုင်ငံတကာထံ ကူညီပေးရန်တောင်းဆိုနေရချိန်တွင် ယခုကဲ့သို့ Miss ပြိုင်ပွဲကို အင်တိုက်အားတိုက် အားပေးထောက်ခံမှုများသည် နိုင်ငံတကာတွင်အရှက်ရစရာဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
“ ကိုယ့်နိုင်ငံအာဏာသိမ်းထားတာကို မမေ့ဖို့လိုတယ်။ ကိုယ့်နိုင်ငံအခြေအနေက ဒီလောက်စုတ်ပြတ်နေတာကို ဒီလိုသွားပြိုင်နေတာ နိုင်ငံတကာက ပိုပြောစရာဖြစ်မယ်ဆိုတာမတွေးဘူးလား။ ပုံမှန်အခြေအနေမဟုတ်တဲ့အပြင် အညာဒေသမှာဆို ရွာတွေမီးရှို့ ခံနေပြီး အုပ်စုဖွဲ့အသတ်ခံနေရတာတွေရှိတယ်။ မကြာသေးခင်ကပဲ ဒုက္ခသည်စခန်းကို ဗုံးကြဲလို့ ကလေးတွေအမျိုးသမီးတွေ အများကြီးသေထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်တပ်ထောက်ခံသူများအပါအဝင် ပြည်တွင်းနာမည်ကျော် ဝိန့်စိန် စိန်ရွှေရတနာဆိုင်တို့က ဒေါ်လာဖြင့်ပေးရသည့် မဲပေးမှုကို ပြုလုပ်ခဲ့ကြပြီး ဝိန့်စိန်ရွှေဆိုင်က အမေရိကန်ဒေါ်လာ တစ်သောင်းဖို့ မဲပေးခဲ့ကြောင့် ထုတ်ဖော်ပြောဆိုထားသည်။
“ အရင်ကတည်းက တော်လှန်ရေးနဲ့မဆိုင်သလိုနေတဲ့အုပ်စုတွေက အားပေးနေကြတာ တကယ်တော်လှန်ရေး အပေါ်အာရုံထားတဲ့သူတွေကတော့ ဒီလိုအားပေးမှာမဟုတ်ဘူး။ နိုင်ငံအခြေအနေကို နားလည်ရင်ခံစားနေမှာ မဟုတ်ဘူး” တော်လှန်ရေးနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင်ပါဝင်နေသူ တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင်Miss ပြိုင်ပွဲကို အားပေးထောက်ခံသူများအား လူမှုကွန်ရက်တွင် ပြစ်တင်ဝေဖန်မှုများ ရှိနေသကဲ့သို့ ထောက်ခံအားပေးရေးသားမှုများလည်း ပြည်သူလူထုကြားတွင် အမြင်ကွဲပြားမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
“ အလှမယ်ဟောင်း တယောက်အနေနဲ့ရော စီနီယာ တယောက်အနေနဲ့ တကယ်ကို နိုင်ငံပေါင်းများစွာအလယ်မှာplacement ရခဲ့လို့ ဂုဏ်ယူရပါပြီး နီနီရေ။ You did it “ ဟု မြန်မာအလှမယ် ဟန်လေး ခေါ် မသော်နန္ဒာအောင်က သူမ လူမှုကွန်ယက်စာမျက်တွင်ရေးသားထားသည်။
မြန်မာအလှမယ် ဟန်လေးသည် Miss Grand International 2020 မြန်မာကိုယ်စားပြုယှဉ်ပြိုင်ရာတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြောကြားခဲ့သဖြင့် စစ်ကောင်စီအလိုရှိ သူစာရင်းတွင် ပါဝင်ပြီးနောက် ကနေဒါနိုင်ငံတွင် နိုင်ငံရေးခိုလှုံ့ခွင့်ရထားသူဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနစ်တွင် မြန်မာကိုယ်စားပြုယှဉ်ပြိုင်ခြင်းမရှိဘဲ Miss Grand International 2022 ခုနစ်ကို ထိုင်းနိုင်ငံရောက် မြန်မာတစ်ဦးဖြစ်သည့် အိအိအောင်ထွဋ် က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယခု ၂၀၂၃ ခုနှစ် Miss Grand International မြန်မာကိုယ်စားပြုမယ်ပြိုင်ပွဲအတွက် မြန်မာပြည်တွင်း၌ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူလူထု ကျပ်တည်းဆင်းရဲ၍ စစ်ဘေးဒုက္ခသည်များအဖြစ် ထွက်ပြေးနေရချိန်တွင် အလှမယ်ရွေးချယ်ပွဲကို ခြိမ့်ခြမ့်သဲကျင်းပခဲ့ကာ Miss Grand International Myanmar မယ်ဘွဲ့ရသူ နီနီလင်းအိမ်က ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် အောက်တိုဘာ ၂၅ ရက်နေ့ကကျင်းပသည့် နိုင်ငံပေါင်း ၇၀ က အလှမယ်များယှဉ်ပြိုင်သော Miss Grand International 2023 ပြိုင်တွင် မြန်မာကိုယ်စားပြု အလှမယ် နီနီလင်းအိမ်ဝင်ရောက်ယှဉ်ပြိုင်ပြီး 1 st runner – up ဆု ရရှိခဲ့သေးသည်။
၂၀၂၄ ခုနှစ် Miss Grand International နိုင်ငံတကာအလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် လူပေါင်း လေးထောင်ကျော် အဓမ္မသတ်ဖြတ်ခံရကာ လူပေါင်း နှစ်သောင်းနီးပါး ဖမ်းဆီးခံနေရပြီး စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၁ ဒသမ ၆ သန်း နေရပ်စွန့်ခွာထွက်ပြေး နေရဆဲဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်
#ပြည်တွင်းစစ် #စစ်ဘေးရှောင် #မြင့်တက်နေချိန် #နိုင်ငံကိုယ်စားပြု #အလှမယ် #ငွေကြေးသုံးစွဲမဲပေးမှု #ဝေဖန်မှုများစွာဖြစ်ပေါ် #Ayeyarwaddy_Times