နွေဦးမောင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့်ခဲမောက်ကျေးရွာကြားရှိ စစ်ကောင်စီတပ်က လိုက်လံဖျက်ဆီးထားသည့် ရွာချင်းဆက်လမ်းများကို တော်လှန်ရေး တပ်ဖွဲများမှ ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ရွာချင်းဆက်လမ်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တောကျီးကန်း PDF တို့ပူးပေါင်းကာ အောက်တိုဘာ ၂၂ ရက်နေက စတင်၍ ပြုပြင်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

“စစ်ကောင်စီတပ်က စက်ယန္တရားတွေနဲ့ အင်အားသုံးပြီး လာဖျက်ဆီး သွားတာ။ အဲ့ဒီတုန်းကလည်း ဖျက်ဆီးနေတဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်သေးတယ်” ဟု ဒေါက်ရပ်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီ ဖျက်ဆီးခဲ့သည့် အဆိုပါ ရွာချင်းဆက်လမ်းပိုင်း များသည် ဒေါက်ရပ်ကျေးရွာနှင့် ခဲမောက်ကျေးရွာဒေသခံများ အဓိက အသုံးပြုနေရသည့် လမ်းများဖြစ်ကာ ကုန်စည်စီးဆင်းမှု အတွက် အားကိုးနေရသည့် လမ်းများဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီက အင်အား သုံးပြီးဘက်ဟိုးတွေနဲ့ မြောင်းတွေတူးပစ်လိုက်တာ။ အဝေးကနေလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး မြေပြင်မှာ ထိုးစစ်ဆင် ဖျက်ဆီး သွားတာ။ ဒေသခံတွေသွားရေး လာရေးမှာအခက်အခဲ ဖြစ်နေတာကြောင့် လမ်းပိုင်း တစ်ခုလုံးကို လုံခြုံရေးယူပြီး ပြုပြင်ပေးနေတာပါ” ဟု တောကျီးကန်းစစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကြောင်ထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းပိုင်းများကို လိုက်လံဖျက်ဆီးနေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက အထူးစောင့်ကြည့်နေကြရကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်တွင် အဆိုပါကျေးရွာချင်းဆက်လမ်းပိုင်းအား လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များမှသွားရောက် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိ၍ ကျေးရွာများအတွင်းသို့ပါ လေယာဥ်ဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်း သတင်းပြန်ကြားရေး တာဝန်ခံထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များ ထံကသိရသည်။

ဓာတ်ပုံ-တောကျီးကန်းPDF
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့များလမ်းပြုပြင်ပေးနေစဉ်
#ဘီးလင်းမြို့နယ် #စစ်ကောင်စီတပ် #လိုက်လံဖျက်ဆီး #ကျေးရွာချင်းဆက်လမ်းများ #တော်လှန်ရေးတပ်ဖွဲ့များ #ပြန်လည်ပြုပြင် #Ayeyarwaddy_Times