နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်

ကိုးကန့်ဒေသတွင် အာဏာသိမ်း စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- ကိုးကန့် (MNDAA) တို့အကြား ယခု အောက်တိုဘာလ အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်လက်အောက်ခံများ အများအပြား သေဆုံးခဲ့ ကြောင်း MNDAA ထံက သိရသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- ကိုးကန့် (MNDAA) သည် စစ်ရေးဖိအားများ ပြေလျော့ရန်အတွက် ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်၊ နေ့လယ် ၁ နာရီ ၄၃ မိနစ်ခန့်က ရှိပတ်လင်စာသင်ကျောင်းတွင် အခြေချနေသော စစ်ကောင်စီတပ်နှင့် ပတ်စော်ချိန်အဖွဲ့ (စစ်ကောင်စီလက်အောက်ခံကိုးကန့် ပြည်သူ့စစ်)၏ ဒရုန်းစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ရှစ် ဦး သေဆုံး၍ ဒရုန်း နှစ် စီးနှင့် ကား လေး စီး ပျက်စီးကာ ကျည်ကာအင်္ကျီ တစ်ထည်၊ ကျည်ဘောက် သုံးခုနှင့် ကျည်တောင့် ၆၀ တို့ကို MNDAA က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စစ်မြေပြင်ပေါ်မှာ ကိုယ့်လူမျိုးနဲ့ မင်းအောင်လှိုင်တပ်ဖွဲ့ ပူးပေါင်းရောနှောနေတာကို မတွေ့ချင်ပါဘူး၊ ကိုးကန့်(MNDAA)ဟာ ကိုးကန့်လူမျိုးအချင်းချင်း မပစ်ခတ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပါတယ်။ သို့သော် သေနတ်နဲ့ ကိုယ့်လူကို စချိန်ပါက မိမိတို့ဘက်မှ တုံ့ပြန်သွားမှာဖြစ်တယ်” ဟု MNDAA မှ အရာရှိတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ်ဖြင့် ချင်းရွှေဟော်ဒေသ၊ တာကြာမိန်နေရာ အနီးသို့ ဗုံး သုံး လုံး ကြဲချခဲ့ပြီး ကွမ်လုံဒေသ၌ အခြေချနေထိုင်သော စစ်ကောင်စီတပ်သည်လည်း RPG လက်နက်ကြီးများဖြင့် MNDAA နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့တွင်ပင် မန်တုံပ၌ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA ဘက်မှ တစ် ဦး သေဆုံးကာ တစ် ဦး ဒဏ်ရာရရှိခဲ့သော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုမူ မသိရသေးကြောင်း MNDAA က ဆိုသည်။

မိုင်းလားဆွေးနွေးပွဲ ပျက်သွားပြီးနောက် တကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် အထိနာသွားသော စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၄ ရက်က နမ်ခုံဟော်ရွာနှင့် ရှိပတ်လင်နေရာတွင် ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် ၂၀ ဦးအပါအဝင် လူအင်အား ၁၀၀ ကျော် စုစည်းခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင်ပင် ၃ နာရီကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သည် စိတ်ဖိုင်‌ပေါက်ပေါက် နေရာမှ လက်နက်ကြီးဖြင့် ပစ်ကူပေး၍ MNDAA ၏ ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဘက်မှ သုံး ဦး သေဆုံး၍ ကျည်ဘောက် တစ် ခုနှင့် ကျည်တောင့် ၂၆ တောင့်ကိုကို MNDAA က သိမ်းဆည်းရမိကာ MNDAA တပ်ဖွဲ့ဝင် တစ် ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် အောက်တိုဘာလ ၂၁ ရက်ကလည်း ကိုးကန့်ခရိုင်၊ ရှင်ဝမ်ဒေသတွင် စစ်ကောင်စီတပ်၊ ကိုးကန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးအောက်တိုဘာလ ၂၄ ရက်တွင်မူ စစ်ပွဲဖြစ်ပွားသော နေရာကို MNDAA မှ ရှင်းလင်းရေး လုပ်ဆောင်ချိန် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီဘက်မှ သိမ်းဆည်းရရှိခဲ့သည့် ပစ္စည်းများထဲတွင် စိတ်ကြွမူးယစ် ဆေးဝါး လေးထုပ် ပါဝင်နေပြီး အောက်တိုဘာလ ၁၄ ရက်က ဖမ်းဆီးရရှိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးထံမှလည်း မူးယစ်ဆေးဝါး ၃၁ ထုပ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ကို အကူပေးနေသည့် ကိုးကန့်ပြည်သူ့စစ် အဖွဲ့ဝင်များလည်း တိုက်ပွဲအတွင်း သေဆုံးမှုရှိခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို အလျင်စလို မြှုပ်နှံခဲ့သဖြင့် မိုးရွာသည့်အခါ အလောင်းများမှ ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့ မြေကြီးပေါ်တွင် ပေါ်ထွက်နေသည်ကို တွေ့ရှိရကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – The Kokang
#ကိုးကန့်တိုက်ပွဲ #စစ်ကောင်စီ #အများအပြားသေဆုံး #မူးယစ်ဆေးဝါး #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #MNDAA #Ayeyarwaddy_Times