
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်
ဟင်္သာတပြည်သူ့ဆေးရုံကြီးတွင် သွေးလိုအပ်သော လူနာများအတွက် သွေးအလှူရှင် ရှားပါးနေပြီး လိုအပ်သော သွေးအား ကုန်ပစ္စည်း ကဲ့သို့ ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
သွေးသွင်းရန်လိုအပ်သော လူနားများ ရှိနေပြီး သွေးအလှူရှင် ရှားပါးနေသောကြောင့် အရေးပေါ် သွေးလိုအပ်နေသူများ အနေနှင့် လိုအပ်သည့်သွေးအား ရောင်းချသူများထံမှ ဝယ်ယူနေကြရသည့်အတွက် လူနာရှင်များ အခက်အခဲ ကြုံနေရကြောင်း မြို့ခံများထံမှသိရသည်။
“ဆေးရုံမှာနေ့စဥ်သွေး လိုအပ်ချက်က ၁၀ ယောက်ကနေ ၁၅ ယောက်လောက်ထိရှိတယ်။ အရေးပေါ်လိုအပ်တဲ့အချိန်မှာ သွေးရမယ် သုံးသောင်းတော့ပေးပါ၊ နှစ်သောင်းခွဲတော့ ပေးရမယ်ဆိုပြီး ရောင်းတာမျိုးတွေရှိနေပါတယ်။ ဆေးရုံးကလည်း ဒါမျိုးရောင်းတာကို လက်မခံပါဘူး။ သိရင်ဓာတ်ခွဲခန်းက မလုပ်ပေးတော့ဘူး။ ဆေးရုံနာမည်ပျက်မှာစိုးတဲ့အတွက်လည်းပါပါတယ် “ဟု သွေးအလှူရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အရေးပေါ်သွေးလိုအပ်နေသည့် လူနာများအတွက် လိုအပ်သောသွေးအား လွယ်လွယ်ကူကူရရှိရန် ခက်ခဲသောကြောင့် သွေးရောင်းမည့် သူများထံမှ ဝယ်ပြီး သွင်းနေရကာ ငွေကြေးမတတ်နိုင်သူများအတွက် အခက်အခဲ ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။
“သွေးလှူတယ်ဆိုတာလည်း လွယ်လွယ်နဲ့ လှူလို့ရတာမဟုတ်ဘူး ရောဂါရှိမရှိစစ်ရတယ်။ ပြီးမှလှူရတာ အခုက အရေးပေါ်သွေးလိုတယ်ဆို လှူမဲ့သူက ရှာလို့မရတော့ဘူး နီးစပ်ရာ သွေးလှူရှင်အဖွဲ့တွေနဲ့ ချိတ်ပေမဲ့ အချို့တွေက လှူမယ် နေ့စားခပေးရမယ်ဆိုတော့ ပရဟိတသမားတွေကျတော့ ဘယ်တတ်နိုင်မလည်း လူနာရှင်နဲ့ပြေားပြီး သူတိူ့အဆင်ပြေရင် လှူကြတာပါပဲ။ နောက်ဆို စျေးကွက်တစ်ခု ဖြစ်လာမှာဆိုးရတယ် “ဟု ဟင်္သာတမြို့ခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟင်္သာတ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သော သွေးများအား ဟင်္သာတမြို့ ပန်းဘဲတန်းရပ် ဓမ္မဗိမ္မာန်ကျောင်းတိုက် ဆရာတော် တည်ထောင်ထားသော NOBLE သွေးအကျိုးတော်ဆောင်အဖွဲ့မှ ရှာဖွေပေးနေပြီး သွေးအလှူရှင်များအနေဖြင့်လည်း ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
#ဟင်္သာတဆေးရုံးကြီး #သွေးလိုအပ်သော #လူနား #သွေးလှူရှင်ရှားပါးနေ #Ayeyarwaddy_Times