ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

အာဏာသိမ်း စစ်ကောင်စီက ယခု အောက်တိုဘာ ဒုတိယပတ်က စတင်၍ ‌ မိသားစုဝင်များကို စာရွင်စာတမ်းထောက်ခံချက်များဖြင့် ထောင်ဝင်စာ ဧည့်တွေ့ ခွင့်ပြုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပြုလိုက်သော်လည်း မိသားစုဝင်များသာတွေ့ခွင့်ရပြီး ‌လာရောက်တွေ့ဆုံသူများမှာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း၊ ရဲစခန်းထောက်ခံချက်၊ ရပ်ကွက် ထောက်ခံချက်၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောင်အထား စသည့် စာရွက်စာတမ်းများ ပြသရန်လိုအပ်ကြောင်း သိရသည်။

“ထောင်တွေက ဧည့်တွေ့ခွင့်ပေးလိုက်ပြီ။ မိသားစုဝင်တွေပဲ တွေ့ခွင့်ရှိတာပေါ့နော်။ တစ်လကို တစ်ခါပဲတွေ့ ခွင့်ရှိမယ်လို့ သိရတယ်။ အင်းစိန်က တစ်ရက်ကို ၂၄ ယောက် ကို တစ်သုတ်စီခွဲပြီး ငါးသုတ် တွေ့ရမယ်တဲ့။ သာယာဝတီကျတော့ ၁၅ ယောက် တစ်သုတ်စီ ငါးသုတ် လို့သိရတယ်။ စာရွက်စာတမ်းတွေ တောင်းတာကကျတော့ ပြောရရင် သူတို့ (စစ်ကောင်စီ) ကိုက ကျပ်တာပါ။ အဲ့လောက်လည်းမလိုအပ်ဘဲနဲ့လေ။ လာတွေ့မယ့် မိသားစုတွေ လာတွေ့ကြမှာဆိုတော့” ဟု ထောင်ဝင်စာပို့ကြမယ် အဖွဲ့အစည်း တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီကယခုကဲ့သို့ ထောင်ဝင်စာတွေ့ခွင့်ပြုလိုက်သော်လည်း လိုအပ်သည့် စာရွက်စာတမ်းများ၊ ထောက်ခံစာယူရမည့်ကိစ္စရပ်များတွင်မူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ ခြိမ်းခြောက်ငွေဝောာင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့လာနိုင်ပြီး လုံခြုံရေးအရလည်း စိုးရိမ်စရာ များရှိလာနိုင်သည့်အတွက် အထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောကြားသည်။

“ထောင်၀င်စာသွားတွေ့ဖို့အတွက်ကို ထောက်ခံစာသွားယူရတဲ့ ကိစ္စဟာ ၀န်ထုပ်၀န်ပိုး တစ်ခုဖြစ်မယ်။ ဒီအိမ်မှာတော့ နိုင်ငံရေးအမှုတွေနဲ့‌‌ ထောင်ကျနေတယ်ပေါ့။ ဒီလူတွေကို ခြိမ်း‌ခြောက်ပြီး ငွေတောင်းတာတို့ အခြား‌အလွဲသုံးတဲ့အရာတွေ ကြုံရလာနိုင်တယ်။ နောက်အရေးကြီးဆုံးက ထောင်ထဲမှာလည်းကြုံခဲ့ရဖူးတာတွေရှိတယ် အကျဉ်းသားနဲ့ ပတ်သက်တဲ့ မိသားစု၀င်တွေကို ထောင်ရဲတပ်ဖွဲ့တွေနဲ့ အခြားဆက်စပ်သူတွေက အထူးသဖြင့်နိုင်ကျဉ်းမိသားစုဝင်‌တွေကို မင်းအဖေနဲ့တွေ့ပေးမယ်၊ မင်းယောက်ျားနဲ့ တွေ့ပေးမယ် ဆိုတာမျိုးကနေပြီးတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေရှိခဲ့တယ်။ အဲ့ဒီလိုဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုလည်း ဝိုင်း၀န်းပြီးစောင့်ကြည့်ပေးဖို့ လိုပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယခုကဲ့သို့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှ စတင်ပိတ်ပင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း လုံခြုံရေးကိစ္စများကို အကြောင်းပြ၍ ‌သုံးနှစ်နီးပါး ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက်များကို လိုက်လျောခဲ့သည့် ထောင်ပိုင်ကြီး အပါအဝင်ထောင်ဝန်ထမ်း ငါးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဆန္ဒပြခဲ့သည့် နိုင်/ကျဉ်းများအနက်အချို့ကို လျော့ရက်များပိတ်ခြင်း၊ တရားစွဲဆိုခြင်းများပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – အင်တာနက်

#ထောင်ဝင်စာ #ဧည့်တွေ့ခွင့်ပြု #နိုင်ငံရေးအကျဉ်းသား #စစ်ကောင်စီ #Ayeyarwaddy_Times