ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံများအနေဖြင့် မြစ်ချောင်းများအတွင်း ငါးဖမ်းဆီးလိုပါက စစ်ကောင်စီတပ်ဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ လစဥ်ကြေး ငွေကျပ်ငါးသောင်း ပေးဆောင်နေရကြောင်း ဒေသခံများထံကသိရသည်။

ငပုတောမြို့နယ်ရှိ တောင်ကလေးကျေးရွာ၊ ပိုင်ချောင်းစသည့် ကျေးရွာများတွင် အောက်တိုဘာလမှစ၍ မြစ်၊ချောင်းအတွင်း ငါးဖမ်းဆီးလိုပါက စစ်ကောင်စီတပ်၊ရဲနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ လစဥ်ကြေး ပေးမှသာ ငါးဖမ်းခွင့်ပြုထားကြောင်း ဒေသခံရေလုပ်သားများက ပြောသည်။

” ပုသိမ်မြစ်နဲ့ ချောင်းတွေမှာ ငါးဖမ်းချင်ရင် စစ်တပ်နဲ့ရဲကိုလစဥ်ကြေး ကျပ်လေးသောင်း ပေးရတယ်။ အုပ်ချုပ်ရေးအဖွဲကို ကျပ်တစ်သောင်းပေးရတယ်။ မဖြစ်မနေပေးရတာပါ ”ဟု တောင်ကလေးကျေးရွာမှ ရေလုပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုကဲ့သို့ လစဥ်ကြေးမပေးသည့် ရေလုပ်သားများကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရပ်ကျေးအဖွဲ့မှလို က်လံဖမ်းဆီးကာ ငါးခိုးမှုဖြင့် တရားစွဲမည်ဟု ခြိမ်းခြောက်သတိပေးခံရပြီး ငွေတစ်သိန်းကျပ်ပေးမှသာ ပြန်လွှတ်ပေးလေ့ရှိကြောင်း ဒေသခံရေလုပ်သားအချို့က ပြောသည်။

” လစဥ်မကြေးမပေးတဲ့သူတွေကို ကမ်းနားကနေစောင့်ပြီးဖမ်းတယ်။ ရေကင်းစခန်းထဲခေါ်ပြီးငွေညစ်တာပေါ့။ ပြီးတော့ ငါးခိုးဖမ်းမှုနဲ့ ဖမ်းမယ်ထောင်ချမယ်ဆိုလို့ တစ်သိန်းပေးခဲ့ရတယ်။ မရှိလို့ငါးဖမ်းစားပါတယ်ဆိုမှ ဓားပြတွေနဲ့ တွေ့နေရတာ”ဟု ပိုင်ချောင်းကျေးရွာ ဒေသခံရေလုပ်သားတစ်ဦးကဆိုသည်။

ယင်းကဲ့သို့ လစဥ်ကြေးကောက်ခံရရှိငွေများကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ခွဲယူပြီး ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်များကို ထောက်ပံ့မှုများပြုလုပ်နေကြောင်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များနှင့် နီးစပ်သူများထံက သိရသည်။

ငပုတောမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ပုသိမ်မြစ်အတွင်း၌ ဝမ်းစာအတွက် ငါးဖမ်းနေသည့် ဒေသခံရေလုပ်သား ၂၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးကာ တစ်ဦးလျှင် ငွေတစ်သိန်းကျပ်ပေးရန် ခြိမ်းခြောက်တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-ငပုတောမြို့နယ်ရှိ ပုသိမ်မြစ်အတွင်း တွင် ဒေသခံငါးဖမ်းစက်လှေအချို့ကို တွေ့ရစဥ်။

#ငပုတောမြို့ #ကျေးရွာအချိငါး#ငါးဖမ်းဆီးခွင့်ရရေး #လစဥ်ကြေး #ငွေကျပ်ငါးသောင်း #ပေးဆောင်နေရ
#Ayeyarwaddy_Times